Thursday, November 28, 2013

ပုဒ်မ ၁၈ ကြောင့် ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အကုန်လွတ်နိုင်ပါမလား

တင်ဇာအောင်၊ နေမျိုး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အကုန် လွှတ်ပေးမည်ဟု ကတိပေးပြောဆိုထားပြီး နောက်ပိုင်းတွင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅/ခ တို့ကြောင့် အကျဉ်းကျသူ၊ တရားစွဲဆိုခံရသူများ ရှိနေရာ နိုင်ငံရေးအကျဉ်းသားများ လွှတ်လိုက်၊ တရား စွဲလိုက် ဖြစ်နေမည်ဟု လေ့လာသူများက သုံးသပ် ပြောဆိုလိုက်သည်။

ပုဒ်မ ၁၈ သည် ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သည်ကို အရေးယူသည့် ပုဒ်မဖြစ်ပြီး ပုဒ် ၅၀၅/ခ သည် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုရာဇသတ်ကြီး ပုဒ်မဖြစ်သည်။

အဆိုပါပုဒ်မများနှင့် တရားစွဲဆိုခံရသူများကို နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းရန် လက်ကျန် နိုင်/ကျဉ်းစိ စစ်ရေးကော်မတီက နိုဝင်ဘာ၂၄ ရက်တွင် တောင်းဆိုလိုက်ရာ ယခုနှစ်ကုန် နိုင်ငံရေး အကျဉ်းသားများ အကုန်လွှတ်မည်ဆိုသည့် ကိစ္စမှာ မေးခွန်းထုတ်ဖွယ် ဖြစ်နေပြီဖြစ်သည်။

ယင်းသို့ ယခုနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အကုန်လွတ်မည် မလွတ်မည်ဆိုသည်နှင့် ပတ်သက်ပြီး နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က “ကျွန်တော်တို့အနေနဲ့ ပြောရရင်တော့ သမ္မတပြောတဲ့ နှစ်ကုန်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသား အကုန်လွတ်မြောက်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အခုလွှတ်ပေးနေတာက လက်ရှိအချိန်ထိ ထောင်ကျနေတဲ့သူတွေကို လွှတ်ပေးနေတာလေ။ ကိုထင် ကျော်၊ ဒီငြိမ်းလင်း၊ ကိုမိုဃ်းသွေးတို့လို ဒီလိုလူတွေကို ပုဒ်မ ၁၈၊ ၅၀၅တွေနဲ့ ထောင်ချလိုက်၊ ရုံးထုတ် လိုက်၊ နောက်အမှုတွေ ကျန်သေးတယ်။ အမှုပေါင်းက ၂၅၆ မှုရှိတယ်။ အဲဒီအမှုတွေကို ဖျက်သိမ်းပြီး လွှတ်ပေးရမယ်။ အဲဒါမှ ကုန်ပြီလို့ပြောလို့ရမယ်”ဟု သူ၏အမြင်ကို ပြောဆိုသည်။

AAPP (B)မှ ကောက်ယူထားသော စာရင်းများအရ လက်ရှိအချိန်တွင် ပုဒ်မ ၁၈နှင့် ၅၀၅/ခကြောင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း၂၅၆ ရှိနေပြီး နိုဝင်ဘာ၂၅ ရက်တွင်ပင် လက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်သော ကိုဒီငြိမ်းလင်းနှင့် ကိုမိုဃ်းသွေးအပါအ၀င် ခြောက်ဦးကို ပုဒ်မ ၁၈ ဖြင့် တရားရုံးသုံးရုံးပေါင်း တစ်ဦးလျှင် ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်။

AAPP (B) မှ ယာယီဖွင့်ဆိုထားသော အဓိပ္ပါယ်သတ်မှတ်ချက်အရ နိုင်ငံရေးလှုပ်ရှားမှု ပုံစံအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အစိုးရအာဏာပိုင်များက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီး ထိန်း သိမ်းခံရသူများကို နိုင်/ကျဉ်းအဖြစ် သတ်မှတ်ထားသည်ဟု ကိုအောင်မျိုးကျော်က ဆိုသည်။ လက်ရှိ တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်များအတွင်းရှိနေသူ ၈၂ ဦးရှိသည်ဟုလည်း လက်ကျန် နိုင်/ကျဉ်းစိစစ်ရေးကော်မတီမှ စာရင်းများအရ သိရသည်။

ပုဒ်မ ၁၈နှင့် ၅၀၅/ခဖြင့် တရားစွဲဆိုမှုများ ရှိနေသောကြောင့် ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အကုန်လွတ်နိုင်မည် မဟုတ်ဟုလည်း လက်ကျန် နိုင်/ကျဉ်းစိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသား ဟောင်းအဖွဲ့မှ ဦးရဲအောင်က ပြောဆိုလိုက်သည်။

၎င်းက “ပုဒ်မ ၁၈အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ စွဲထားတာ၂၆၅ မှုလောက်ရှိနေသေးတော့ သမ္မတ ပြောတဲ့စကားအတိုင်း အကုန်လွှတ်ပေးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီပုဂ်္ဂိုလ်တွေရဲ့ ပြဿနာကို မဖြေ ရှင်းဘူးဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ဆိုသည်။

လေ့လာသူအချို့က ယင်းသို့ ထင်မြင်ထားသော်လည်း အချို့ကမူ သမ္မတကြီး၏ ကတိစကားအတိုင်း လွှတ်ပေးမည်ဟု ယုံကြည်သည်ဟု မဇ္ဈိမကို ပြောလိုက်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက “ကျွန်တော်ကတော့ ဖြစ်နိုင်တယ် မြင်တယ်။ လက်တွေ့လည်း လွှတ်ပေးနေတာ တွေ့နေတယ်လေ။ နိုင်/ကျဉ်းစိစစ်ရေးကော်မတီက တင် ပြနေတာ ရှိတယ်။ တင်ပြမှုတွေကိုလည်း ကြည့်ရှုပြီး လက်ခံပြီး လွှတ်ပေးနေတယ်”ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “သမ္မတက စိတ်ရင်း ကောင်းစေတနာကောင်းနဲ့ နိုင်ငံရေးအကျဉ်းသားမရှိစေရဘူးလို့ ပြောပြီးပြီလေ။ အဲဒါကို နိုင်/ကျဉ်းတွေ ကို လွတ်စေချင်တဲ့သူအားလုံးက အကောင်အထည်ဖော်နိုင်အောင် နည်းလမ်းအသွယ်သွယ် ကြိုးစားရ မှာပေါ့”ဟု ဆိုသည်။

ပုဒ်မ ၁၈ ပြင်သင့်သလား

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ(၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅) တွင်ပါရှိသော ပုဒ်မ ၁၈အရ (မည်သူမဆို ခွင့်ပြုချက်မရရှိဘဲ စုဝေးစီတန်းလှည့်လည်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ၃၀,၀၀၀ကျပ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု လည်း ယင်းဥပဒေတွင် ပါရှိသည်။

အဆိုပါဥပဒေပါ ပုဒ်မ ၁၈ ကို ပြင်သင့်ကြောင်း ပညာရှင်များက ထောက်ပြထားကြပြီး တရားလွှတ်တော် ရှေ့နေဦးကိုနီကလည်း ပုဒ်မ ၁၈ ကို ပယ်ဖျက်သင့်ကြောင်း မဇ္ဈိမကို ပြောသည်။

၎င်းက “ပုဒ်မ ၁၈ က စပြဋ္ဌာန်းကတည်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်တယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄(က)မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ (ခ)မှာ လူတိုင်းလွတ် လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ရှိတယ်။ အဲဒီမှာ သုံးတဲ့ စကားလုံးက လွတ်လပ်စွာလို့ သုံးထား တဲ့အတွက် ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘူး။ တစ်ယောက်ယောက် ခွင့်ပြုမှ ဆန္ဒပြခွင့်ရှိတာမဟုတ် ဘူး။ ဥပဒေအရ ဆန္ဒပြခွင့်ဆိုတာ လူတစ်ယောက်ကို အပြီးပေးထားတဲ့ အခွင့်အရေးပဲ၊ ခွင့်တောင်းစရာ မလိုဘူး။ တစ်နည်းအားဖြင့် ရဲမှူးဆီက ခွင့်မရဘူး။ ခွင့်မရဘဲပြလို့ အပြစ်ပေးမယ်ဆိုတာ ဖွဲ့စည်းပုံနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ရဲမှူးခွင့်ပြုမှ ဆန္ဒပြရမယ်ဆိုတော့ ရဲမှူးက ဥပဒေအထက် ရောက် သွားပြီ၊ အခြေခံဥပဒေက ခွင့်ပြုထားတာကို ရဲမှူးဆီက ခွင့်ပြုချက်တောင်းရမယ်ဆိုတော့ အဲဒီအခြေခံ ဥပဒေက မှားနေပြီ”ဟု ဆိုသည်။

ယင်းဥပဒေကို လက်မခံနိုင်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်အောင်က ပြောသည်။ ၎င်းက “ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ လျှောက်တဲ့သူက လျှောက်တယ်။ မပေးတဲ့ အခါကျတော့ ပြဿနာပေါ့။ ခိုး၊ ဆိုးနေတဲ့သူတွေ မဟုတ်ဘူးဗျ။ အဲဒီတော့ ပုဒ်မ ၁၈ ကို ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ ကျွန်တော်ကတော့ ဘယ်အစိုးရတက်တက် ယုံကြည်ချက်တစ်ခုကြောင့် ကျတယ်ဆို ရင် နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေဦးမှာပဲ၊ တည်ဆဲအစိုးရက သူတို့နဲ့မကိုက်ရင် ဖမ်းနိုင်တာပဲ”ဟု ဆို သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျုးလွန်ချင်လာအောင် အများပြည်သူများကိုသော်၎င်း၊ အများ ပြည်သူများ၏ သီးခြားလူစုကိုသော်၎င်း၊ ကြောက်ခြင်း၊ ထိန့်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့ တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်သည်။ အဆိုပါ ပြစ်မှုကျူးလွန်သူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်ရမည်ဟုလည်း ယင်းဥပဒေတွင် ပါရှိသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်အတွက် ကန်ပက်လက်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီး ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့် အရေးများနှင့် ဆန့်ကျင်နေသည်ဟု ဆိုခဲ့သည်။

သို့သော် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကမူ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ပါက ပြစ်ဒဏ် ကျခံရမည်ဟူသည့် မူလဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် ပါဝင်ခြင်းကို ကန့်ကွက်သည်ဟုလည်း ဆိုခဲ့ သေးသည်။

အစိုးရသစ်တက်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကို ၁၂ ကြိမ်တိုင်တိုင် လွှတ်ပေးခဲ့ပြီးဖြစ်ရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်ကလည်း မန္တလေး အိုးဘိုအကျဉ်းထောင်တွင် လက်ပံတောင်းအရေး လှုပ်ရှားပြီး ပုဒ်မ၅၀၅/ခဖြင့် ပြစ်ဒဏ်ကျခံနေရသူ ဒေါ်နော်အုန်းလှအပါအ၀င် ဦးဝင်းဆွေမြင့်၊ဦးစိန်အောင် တို့ကို ပြန်လွှတ်ပေးခဲ့သည်။ ယင်းနေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

No comments: