Friday, November 29, 2013

မြောက်ပိုင်းကျောင်းသားများ သေဆုံးမှုစစ်တမ်း ၂၀၁၄ နှစ်စပိုင်းမှ ထုတ်ပြန်နိုင်မည်

နန်းလွင်နှင်းပွင့်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ မြောက်ပိုင်းတွင် ကျောင်းသားများ သေ ဆုံးမှုနှင့်ပတ်သက်၍ ကျောင်းသားများ၏ မိသားစုများ၊ ပြည်သူများအား ပြန်လည် ဖြေရှင်းချက် ထုတ်ပြန် ပေးရန် စစ်တမ်းကောက်ယူမှုမှာ ပြီးဆုံးရန် လိုအပ်နေသေးသဖြင့် ၂၀၁၄ ခုနှစ် နှစ်စပိုင်းလောက်မှသာ ထုတ်ပြန်နိုင်မည်ဟု စစ်တမ်းကောက်ယူမှု ပြုလုပ်နေသော အမှန်တရားနှင့် တရားမျှတမှုကော်မတီ၏ တာဝန်ခံ ကိုကျော်ကျော်လင်းက မဇိ္ဈမသို့ ပြောဆိုလိုက်သည်။

စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေရာတွင် နောက်ဆုံးအခြေအနေအဖြစ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီး နားမြို့များတွင် ကောက်ယူရန် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် သွားမည်ဖြစ်သည်။ စာရင်းအရဆို လျှင် ကျောင်းသားဦးရေ ၇၀ နှင့် ၁၀၀ ကြားမှာ ရှိသော်လည်း ယခု စစ်တမ်းကောက်နေသည်က ဦးရေ ၄၀ လောက်ပဲ ပြီးသေးသည်ဟု ကိုကျော်ကျော်လင်းထံမှ သိရသည်။

ဒီဇင်ဘာလအတွင်းတွင် ပြည်သူများအား ပါချောင် (ကျောင်းသားတပ်မတော်၏ မြောက်ပိုင်းကိစ္စ) နှင့် ပတ်သက်၍ ကောက်ယူရရှိမှုများအား ချပြသွားရန် စီစဉ်မှုများရှိသော်လည်း ယခုအခါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူတို့၏ မိသားစုများအား ပြန်လည်ဆက်သွယ်မှုများပြုလုပ်ရာတွင် ခက်ခဲမှုများရှိနေသောကြောင့် ၂၀၁၄ ခုနှစ်မှသာ ပြီးဆုံးနိုင်မည်ဟု ဆိုသည်။

ကော်မတီမှ စစ်တမ်းကောက်ယူရာတွင် တာဝန်ခံဖြစ်သူ ကိုကျော်ကျော်လင်းက “အခု တစ်နေရာချင်းစီ သေချာလိုက်မေးနေရတာတော့ အရမ်းခက်ခဲတယ်။ အဲဒါကြောင့် မှန်းထားသလောက် မပြီးနိုင်တာ၊ နှစ် တွေက ကြာပြီဆိုတော့ ရှာရတာ အရမ်းခက်ခဲတယ်”ဟု ပြောသည်။

ပြည်သူများအား ပြန်လည် တင်ပြရန် အစီရင်ခံစာ ပြန်လည်ရေးသားရာတွင် ကျောင်းသားတပ်ဦးမှ ဖွဲ့ စည်းထားသည့် ကော်မတီဝင်များမှ ရေးဆွဲသွားမည်ဖြစ်သည်။ ပြန်လည် သုံးသပ်စစ်ဆေးပေးရန်၊ အကြံ ဉာဏ်ပေးရန် နိုင်ငံရေးနှင့်ဆက်စပ်နေသည့် ပညာရှင်များထံမှ အကူအညီတောင်းခံသွားမည်ဟု ကော်မ တီဝင်များက ဆိုသည်။

စစ်တမ်းကောက်ယူရာတွင် သေဆုံးသူတို့၏ မိသားစုဝင်များနှင့် ပြန်လည်ဆက်သွယ်ရခြင်းနှင့်ပတ်သက် ၍ ကိုကျော်ကျော်လင်းက “ကျွန်တော်တို့မှာလည်း စာရင်းတွေရှိပါတယ်။ ဒါပေမဲ့ အခု စစ်တမ်းလုပ်မယ့် ပုံစံနဲ့ဆိုရင် တကယ်ပါဝင်ခဲ့တဲ့သူတွေရဲ့ မိသားစု၊ ရဲဘော်ဝင်တွေကို ပြန်ပြီး မေးတယ်”ဟု ပြောဆိုသည်။

စစ်တမ်းအား ကောက်ယူပြီးစီးလျှင် ကျောင်းသားတပ်မတော်ထဲတွင် ကျောင်းသားများ သေဆုံးမှုနှင့်ပတ် သတ်၍ အပိုင်း (၁) အနေဖြင့် ဖြစ်ပျက်ခဲ့သည့် နောက်ခံသမိုင်းကြောင်း၊ အပိုင်း (၂) တွင် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည့်အကြောင်း၊ အပိုင်း(၃) တွင် တစ်ဦးချင်း တွေ့ကြုံခဲ့ရသည့် စစ်ကြောရေးအကြောင်းအရာ များ၊ အပိုင်း (၄) တွင် ကျောင်းသားများသေဆုံးမှု ဖြစ်ပျက်ပြီးသည့် နောက်ပိုင်းတွင် ကျောင်းသားများ တစ်ဦးချင်းပေါ်တွင် သက်ရောက်မှုများ၊ အပိုင်း(၅)တွင် အကြံပြုချက်အဖြစ် စစ်တမ်းတွင် ရေးသားပါဝင် သွားမည်ဟု ကော်မတီက ပြောဆိုသည်။

အမှန်တရားနှင့် တရားမျှတမှု ကော်မတီမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ အထွေအထွေအတွင်းရေးမှူး ကိုမြင့်ဦး၊ တာဝန်ခံကိုကျော်ကျော်လင်း၊ အဖွဲ့ဝင်များအဖြစ် ကိုသန့် ရှိန်မြင့်နှင့် ကိုအေးလွင်တို့ လေးဦးမှ တာဝန်ယူကာ စစ်တမ်းလိုက်လံကောက်ယူနေသည်။

No comments: