Friday, March 7, 2014

ငြိမ်း-စု-စီ ဥပဒေပြင်ပြီ၊ ခွင့်ပြုချက်ယူရန် မလိုပေမယ့် ပုဒ်မ ၁၈ ကိုမူ မပယ်ဖျက်

စိုးသန်းလင်း၊ ဉာဏ်လှိုင်လင်း

ဆန္ဒပြလိုသည်ဟု အကြောင်းကြားခြင်းကို ငြင်းပယ်ခြင်းမပြုနိုင်ရန် ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြည်သူ့လွှတ်တော်က မတ်လ ၅ ရက် တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ သို့သော် ပြည်သူတို့ ဖျက်သိမ်းရန်တောင်းဆိုထားသည့် ပုဒ်မ ၁၈ ကို မူ ပယ်ဖျက်ခြင်းမပြုဘဲ ပြစ်ဒဏ်လျှော့ပေါ့ခြင်းကိုသာ ဆောင်ရွက်ထားသည်။

“ခိုင်လုံသောအကြောင်းပြချက်ဖြင့် ငြင်းပယ်နိုင်သည်ဆိုတာကို ပယ်ဖျက်လိုက်ပါပြီ၊ ခွင့်ပြုချက် ပေးကို ပေးရမယ်၊ ငြင်းပယ်မယ်ဆိုရင် ငြင်းပယ်တဲ့ပုဂ်္ဂိုလ်ကို တရားပြန်စွဲမယ်”ဟု ပြင်ဆင်သည့် ဥပဒေကြမ်းကို တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ကိုယ်စား တင်သွင်းခဲ့သည့် ကန်ပက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ်သူရဦးအောင်ကိုက မဇ္ဈိမကို ပြော သည်။

ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်အရဆိုလျှင် ငါးရက်ကြိုတင် ခွင့်ပြုမိန့်ရယူရန်မလိုဘဲ နှစ် ရက်ကြိုတင် အကြောင်းကြားရုံဖြင့် ဆန္ဒပြနိုင်မည်ဖြစ်သည်။ သို့သော် ဆိုင်းငံ့ထားလိုပါက ဆန္ဒပြလိုသူ များကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးများက ညှိနှိုင်းဆွေးနွေးနိုင်သည်ဟု ပြင်ဆင်ထားသည်။

“ခွင့်ပြုလိုက်ခြင်းအားဖြင့် ဘာသာတစ်ခုနဲ့တစ်ခု လူမျိုးတစ်ခုနဲ့တစ်ခု ပြဿနာကြီးကြီးမားများ ဖြစ်မယ် ဆိုရင် ဆိုင်းငံ့ပေးထားမယ်။ အခုတော့ မပြပါနဲ့ဦး၊ ကာလတစ်ခု ဆိုင်းငံ့ထားမယ်။ နောက်တစ်ခါ နိုင်ငံ တော်အခမ်းအနားကြီး ကျင်းပနေတယ်၊ နိုင်ငံခြားသားအကြီးအကဲ ခရီးစဉ်တွေရှိတယ်၊ ဒါမျိုးဆိုရင်တော့ ခဏဆိုင်းငံ့ပေးပါ။ တစ်ပတ်နှစ်ပတ်ကြာရင် ပြန်ပေးရမယ်။ အဲဒီသဘောပါပဲ”ဟု သူရဦးအောင်ကိုက ပြောသည်။

ထို့ပြင် ယခင်ကဲ့သို့ ကိုယ်ရေးအချက်အလက်များစွာ ဖြည့်သွင်းရခြင်းအစား အမည်၊ ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့်အစုံပေးရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့်နေရာထက် ကျော်လွန်ခြင်း၊ အများပြည်သူနှင့် ပြည်သူပိုင်ပစ္စည်းများ ထိခိုက်စေခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ မမှန်ကန်သောအချက်အလက်များ ဟောပြောခြင်း၊ အသံချဲ့စက်အသုံးပြုခြင်း၊ ခွင့်မပြုထားသည့် ကြွေး ကြော်သံများ အော်ဟစ်ခြင်း၊ စည်းကမ်းမလိုက်နာခြင်း တို့ ပြုလုပ်ပါက မူလဥပဒေပါအတိုင်း လူစုခွဲရမည် ဖြစ်သည်။

ဖျက်သိမ်းပေးရန် ပြည်သူတို့ တောင်းဆိုထားသည့် ပုဒ်မ ၁၈ ပါ ပြစ်မှု၊ ပြစ်ဒဏ်များ အခန်း၌မူ ပုဒ်မ ၁၇ ပါ ထောင်ဒဏ် နှစ်အစား တစ်နှစ်၊ ပုဒ်မ ၁၈ ပါ ထောင်ဒဏ် တစ်နှစ်အစား ခြောက်လ၊ ပုဒ်မ ၁၉ ပါ ထောင်ဒဏ် ခြောက်လအစား တစ်လ စသဖြင့် အစားထိုးပြင်ဆင်ထားသည်။ ယင်းပြစ်ဒဏ်များကို အလုံ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ငွေဒဏ်တို့ဖြင့် အစားထိုးနိုင်ရန် ပြင်ဆင်ချက် အဆိုတင် သွင်းခဲ့သေးသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

ထို့အတူ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်ကလည်း ပုဒ်မ ၁၈ ကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့ သေးသည်။ သို့သော် ဦးခိုင်မောင်ရည်၏ ပြင်ဆင်ချက်အဆို ရှုံးနိမ့်ခဲ့ပြီးနောက် ဦးသိန်းညွန့်က ၎င်း၏ပြင် ဆင်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ “လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ဥပဒေက ကာကွယ်ပေး ရမှာဖြစ်လို့ စဖြစ်တဲ့အချိန်မှာ သက်ညှာတဲ့ ပညာပေးတာမျိုးပဲ ဖြစ်သင့်တယ်၊ ဒါကြောင့်မို့ ငွေဒဏ်၊ မပေးနိုင်မှ ထောင်ဒဏ်ပေးဖို့၊ ဒုတိယအကြိမ် ဆိုရင်တော့ ထောင်ဒဏ်အပြစ်ပေးဖို့ ပြင်ဆင်ချက်တင်ထား တာပါ”ဟု ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

သို့ရာတွင် ပြည်သူ့လွှတ်တော်၌ ယခုကဲ့သို့ ပြင်ဆင်အတည်ပြုနိုင်ခဲ့သည့် ငြိမ်း-စု-စီဥပဒေသည် ယခင် ဥပဒေထက် များစွာသာလွန်နေပြီး ကန့်သတ်ထားချက် အများအပြား ပြင်ဆင်ပယ်ဖျက်နိုင်ခဲ့ကြောင်း ဦး သိန်းညွန့်က သုံးသပ်သည်။

မူလဥပဒေ ပြဋ္ဌာန်းပြီး တစ်နှစ်ကျော်ခန့်ရှိချိန်တွင် ဆန္ဒဖော်ထုတ်လိုမှုများ ခွင့်ပြုချက်မရခြင်း၊ ခွင့်ပြုချက် မရဘဲ ဆန္ဒပြသူတို့ ပုဒ်မ ၁၈ ဖြင့်အရေးယူခံရခြင်း အများအပြား ပေါ်ပေါက်ခဲ့ပြီး၌ ထိုသို့ပြင်ဆင်ရန် ပြည် သူ့လွှတ်တော်က စတင်ကြိုးပမ်းခြင်း ဖြစ်သည်။

ယနေ့ အတည်ပြုလိုက်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးဦးမည်ဖြစ်ပြီး သဘော ကွဲလွဲမှုများရှိပါက ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ရယူ၍ အတည်ပြုရမည်ဖြစ်သည်။

No comments: