တင်ဇာအောင်
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန်ရာတွင် ပြည်သူလူထု ပါဝင်မှု မြင့်တက်စေရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထု သဘောထားစစ်တမ်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗေဒါ နိုင်ငံတော် တည်ဆောကရေး သင်တန်းကျောင်းက စတင် ကောက်ယူမည် ဖြစ်သည်ဟု ယင်းသင်တန်းကျောင်း ၏ ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်တမ်းကို မတ်လ၅ ရက်ကစတင် ကောက်ယူရန် ဆောင်ရွက်နေပြီး အွန်လိုင်းမှ တဆင့် ဖြန့်ချီခြင်းဖြစ်ကာ စာရွက်ဖြင့် တိုက်ရိုက် ကောက်ယူခြင်းကိုလည်း ဆက်လက် ဆောင်ရွက်နေပြီး ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အရပ်ဘက် လူမှု အဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများ၏ အကူအညီများဖြင့် ကောက်ယူသွားမည်ဖြစ်သည်ဟု ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။ ဖွဲ့စည်းပုံရေးဆွဲ ခဲ့စဉ်က ပြည်သူများ ပါဝင်မှု မရှိခဲ့၍ ပြင်ဆင်မှုတွင် ပါဝင်နိုင်ရန် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယင်းသို့ စစ်တမ်း ကောက်ယူခြင်းနှင့်ပတ်သက်ပြီး ၎င်းက “ စစ်တမ်းကောက်တာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လူထု ပါဝင်မှုကိမြှင့်တင်ချင်လို့ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံကို လူထုသိရင် သိတယ်။ မသိဘူး ။ သိရင် ဘယ်လောက်သိတယ်။ ဘယ်လို မြင်တယ်ဆိုတာ ကို ကောက်ယူမှာပါ။ ပြည်သူပါဝင်မှု မြင့်တက်မှသာ ဒီမိုကရေစီနဲ့ညီတဲ့ ဖွဲ့စည်းပုံ ဖြစ်မှာပါ“ ဟုဆိုသည်။
အဆိုပါ စစ်တမ်းတွင် စာမျက်နှာ ခြောက်မျက်နှာခန့်ပါဝင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူလူထုသိရှိနိုင် စွမ်းနှင့် ပတ်သက်ပြီး အသေးစိတ် စစ်တမ်း ကောက်ယူထားသည့် ပုံစံဖြစ်သည်။ ဥပမအားဖြင့် “ပုဒ်မ ၅၉ ကို သင်သိပါသလား“ “ ပုဒ်မ ၅၉ ကို မူလအတိုင်း ထားလိုပါသလား၊ ပြင်လိုပါသလား“ “အကြောင်းရင်းကို ဖော်ပြပေးပါ“ စသည်ဖြင့် တိကျစွာ မေးထား သည်ကိုတွေ့ရမည်ဖြစ်သည်။
စစ်တမ်း ကောက်ယူခြင်းနှင့် ပတ်သက်ပြီး ဦးမျိုးရန်နောင်သိမ်းက “ စစ်တမ်းကို အွန်လိုင်းကလည်း ကောက်ပါမယ်။ လူအားဖြင့်လည်း ကောက်မယ်။ မတ်လ ၅ ရက်ကဆို ဧရာဝတီတိုင်းကို ပို့လိုက်ပါပြီ“ ဟု ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တမ်းကောက်ယူရာတွင် နှစ်လခန့် အချိန်ပေး ကောက်ယူမည်ဖြစ်ကာ ရရှိလာသော အချက်အလက်များကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ကာ အခြား သုံးစွဲလိုသော အဖွဲ့အစည်းများ အနေဖြင့်လည်း သုံးစွဲနိုင်သည်ဟု ၄င်းကဆိုသည်။
ရလဒ်များတွင် မည်မျှထောက်ခံသည်၊ မထောက်ခံ စသော အရေအတွက်ကိုလည်း ဖော်ပြမည် ဖြစ်ကာ မည်သည့်အချက်များ ကို ပြည်သူများ စိတ်ဝင်စားမှု ရှိသည်၊ မရှိသည်ကိုလည်း ထုတ်ပြန်နိုင်မည်ဖြစ်သည်။ စစ်တမ်းကို ဗေဒါ နိုင်ငံတော် တည်ဆောက်ရေး သင်တန်းကျောင်းက ကမကထပြု ကောက်ခံခြင်းဖြစ်ကာ ရလာသည့် ရလဒ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက် အနေဖြင့် အသုံးပြုသွား မည်ဖြစ်သည်ဟုလည်း ယင်းကွန်ရက်၏ ဦးဆောင်သူလည်းဖြစ်သည့် ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။
ယင်းအပြင် ဗေဒါ သင်တန်းကျောင်း အနေဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများသို့လည်း စစ်တမ်းများကောက်ယူနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၄ ဦး၊ တပ်မတော်သား ခုနစ်ဦး၊ NLD ပါတီဝင် နှစ်ဦးအပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment