Sunday, March 2, 2014

အင်္ဂလိပ်၊ မြန်မာဘာသာဖြင့် အညွှန်းဖော်ပြမထားသည့် စားသောက်ကုန်များ တင်သွင်းခွင့်မပြု

မျိုးသန့်

စားသောက်ကုန်ပစ္စည်းများ အရည်အသွေးပိုမိုကောင်းမွန်စွာ တင်သွင်းလာစေရန် အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာဖြင့် အညွှန်းဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဧပြီလ ၁ ရက်မှစ၍ တင်သွင်းခွင့်ပြုသွား မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေတင်ကြူက မဇ္ဈိမကို ပြောသည်။

“စားသောက်ကုန်ပစ္စည်းတင်သွင်းတဲ့အခါမှာ သူ့ရဲ့သုံးစွဲထားတဲ့ပစ္စည်း၊ ဆိုးကျိုး စတာတွေကို မြန်မာဘာ သာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ဖော်ပြမှ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အရည်အသွေးရှိသော စားသောက်ကုန်များသာ တင်သွင်းလာစေရန်၊ သုံးစွဲသူများမှာလည်း ယုံကြည် စိတ်ချစွာ ၀ယ်ယူသုံးစွဲနိုင်စေရန်နှင့် စားသုံးရန်မသင့်သော ပစ္စည်းများ ၀င်ရာက်မှုလျော့နည်းသွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

တင်သွင်းရာတွင် တစ်ဖက်နိုင်ငံမှ စားသောက်ကုန်ဆိုင်ရာ ထောက်ခံချက်ပေးနိုင်သည့် ကုမ္ပဏီများ၊ အ ဖွဲ့အစည်းများမှ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုခြင်း၊ မြန်မာနိုင်ငံအတွင်းမှလည်း အစားအသောက် ကို စစ်ဆေးနိုင်မည့် အဖွဲ့အစည်းများက စစ်ဆေးကာ ထောက်ခံချက်ပေးခြင်း စသည့် စနစ်များဖြင့် လုပ် ဆောင်သွားမည်ဖြစ်သည်။

စားသုံးသူများဥပဒေတစ်ရပ်ကိုလည်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားရှိပြီး ဥပဒေအတည်တ ကျထွက်ရှိလာသည်နှင့်အမျှ စားသောက်ကုန်ပစ္စည်းများ ယခုထက် ပိုမို စည်းကြပ်သွားနိုင်မည် ဖြစ် သည်။

“စားသောက်ကုန်နဲ့ပတ်သက်တဲ့ ဥပဒေက မကြာခင်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဥပဒေထွက်ရှိလာပြီးရင် နည်းဥပဒေကိုလည်း ပြဋ္ဌာန်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါမှ လိုအပ်ချက်ပေါ်မူတည်ပြီး ဆောင် ရွက်သွားနိုင်မှာဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေတင်ကြူက ထပ်လောင်းပြောကြား သည်။

စားသုံးသူများအား အများဆုံးထိခိုက်နိုင်သော ဆိုးဆေး၊ ဆီ၊ အသားနှင့် အခြား ဆက်စပ်ပစ္စည်းများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်သည်ဟု ဦးဆွေတင်ကြူက ဆိုသည်။

နည်းဥပေဒမထွက်ရှိမီအချိန်တွင်လည်း ဆက်တိုက် စစ်ဆေးအရေးယူပြုလုပ်ပေးနေသည်ဟု ၎င်းက ပြောသည်။

No comments: