ခင်မြတ်မြတ်ဝေ
ရှမ်းပြည်နယ်တော်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်ကန်ရတနာမြေ ဘုရားငါးဆူရပ်ကွက်နှင့် နယ်မြေ(၁)ရပ်ကွက်တွင် ဧပြီလ ၉ရက်က မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ ၄၃ အိမ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ရန် ထောက်ပံ့ငွေ ကျပ်၁၀၃သိန်း ရရှိထားပြီဟု ဝမ်ကန်ရပ်ကွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးက မဇ္ဈိမကို ပြောသည်။
မီးဘေးသင့်သူများအတွက် ပြည်နယ်၊ ခရိုင် အစိုးရအာဏာပိုင်အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒေသခံအဖွဲ့များ၊ အလှူရှင်များ၏ ထောက်ပံ့မှုကြောင့် ဆန်၊ ဆီနှင့် ငွေသား ၇၅သိန်းရရှိပြီး အိမ်ထောင်စု တစ်စုကို ငွေကျပ် ၂၁၉,၀၀၀ကျပ်၊ ဆန်တစ်အိတ်နှင့် ဆီသုံးပိဿာ ပံ့ပိုးပေးထားသည်ဟု ဦးကျော်ခိုင်ဦးက ပြောသည်။
လက်ရှိတွင် မီးဘေးသင့် အိမ်ထောင်စုများက နေစရာအိမ်မရှိသဖြင့် နီးစပ်ရာ အိမ်များတွင် လိုက်လံနေရသည်ဟု သိရသည်။
"မီးဘေးသင့်တဲ့သူတွေက နီးစပ်ရာအိမ်တွေမှာ နေနေရတဲ့ သူတို့မြေမှာ ပြန်ဆောက်ဖို့ တင်ပြတော့ ဟိုတင်ပြရဦးမယ်၊ ဒီတင်ပြရဦးမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောတယ်"ဟု ဦးကျော်ခိုင်ဦးက ဆက်ပြောသည်။
မိုင်းရှူးမြို့နယ်ရှိ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမင်းအေးချမ်းကမူ "မီးဘေးသင့်ပြည်သူတွေကို စားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်းက ချက်ကျွေးတယ်၊ သူတို့နေဖို့ကတော့ ဖြေးဖြေးချင်း လုပ်ရမှာပေါ့"ဟု မဇ္ဈိမကို ပြောသည်။
မီးဘေးသင့် ဒေသခံများအနေဖြင့် လက်ရှိတွင် နေထိုင်စရာအတွက် အခက်အခဲရှိနေပြီး အစိုးရအနေဖြင့် အိမ်ဆောက်ခွင့် ပြန်လည်ပေးစေလိုသည်ဟု ဆိုသည်။
"ကျွန်တော်မှာ အကြွေးတွေလည်း ရှိတယ်၊ မိုးကာလရောက်တော့မယ်၊ ကလေးတွေက ကျောင်းပညာရေးရှိတယ်၊ ကိုယ်တတ်နိုင်သလောက်လေးနဲ့ အမြန်ဆောက်ပြီး ဈေးရောင်းရမယ်၊ အစိုးရအနေနဲ့ ဘာမှမလုပ်ပေးနိုင်ရင်လည်းနေ ကိုယ့်အိမ်ကိုယ်ဆောက်ခွင့် လျောလျောလျူလျူခွင့်ပြုပေးရင် ရပါပြီ"ဟု မီးဘေးသင့်သူတစ်ဦးဖြစ်သည့် ဝမ်ကန်ရပ်ကွက်မှ ဦးအောင်မြင့်က ပြောသည်။
မီးဘေးသင့်သူများ နေအိမ်ပြန်ဆောက်နိုင်ရန် ဒေသအာဏာပိုင်များနှင့် ထိုဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေသခံများ ညှိနှိုင်းခဲ့ပြီး ဧပြီလ ၁၁ရက် နေ့လည် ၃နာရီခန့်တွင် အိမ်ဆောက်ခွင့် ပြုလိုက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်ခိုင်ဦးက မဇ္ဈိမကို ပြောသည်။
မီးလောင်ကျွမ်းမှုသည် ဖယောင်းတိုင်မီးထွန်းရာမှ စတင်ခဲ့ပြီး မီးလောင်မှုကြောင့် ဝမ်ကန်ရတနာမြေ ဘုရားငါးဆူရပ်ကွက်မှ အိမ်ခြေ ၂၃အိမ်နှင့် နယ်မြေ(၁)ရပ်ကွက်မှ အိမ်ခြေ ၁၉အိမ် စုစုပေါင်း ၄၂အိမ်နှင့် လူဦးရေ တစ်ရာ့လေးဆယ်ခြောက်ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မိုင်းရှူးမြို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
No comments:
Post a Comment