မေစစ်ပိုင် / နန်းဆိုင်နွမ်
မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေး အရေးယူပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။
မတ်လ ၁၃ ရက် နေ့စွဲတပ်ထားသော်လည်း မကြာသေးမီကမှ အများပြည်သူထံ ထုတ်ပြန်ခဲ့သော ၂၀၁၃ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာတွင် “ အတိတ်မှာ ဖြစ်သွားခဲ့တာတွေ၊ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လိင်ပိုင်း အကြမ်းဖက်မှု ကိစ္စတွေကို မြန်မာအစိုးရ အနေနဲ့ စုံစမ်းပေးဖို့ ကျနော့် အနေနဲ့ တောင်းဆိုပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရသည့် နိုင်ငံပေါင်း ၂၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ရေးသား ဖော်ပြထားသည်။ ပြီးခဲ့သည့် သောကြာနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးခဲ့ကြသော ယင်းအစီရင်ခံစာပါ အခြားနိုင်ငံများမှာ ဗဟိုအာဖရိကန်သမ္မတနိုင်ငံ၊ အိုင်ဗရီကို့စ်၊ ကွန်ဂို၊ မာလီ၊ တောင်ဆူဒန်နှင့် ဆီးရီးယားနိုင်ငံများလည်း ပါဝင်သည်။
မြန်မာပြည် စစ်ပွဲများအတွင်း အမျိုးသမီးများ မတရားပြုကျင့်ခံနေရကြောင်း နှစ်ပေါင်းများစွာကြာ ထုတ်ဖော်တင်ပြနေသော အမျိုးသမီးအခွင့်အရေးအဖွဲ့များက ကုလသမဂ္ဂ၏ အစီရင်ခံစာကို ကြိုဆိုကြသည်။ အကယ်၍ မြန်မာအစိုးရက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုများကို စစ်ဆေး အရေးယူလျှင် လွတ်လပ်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များ ပါဝင်စေချင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ဒေါ်တင်တင်ညိုက ဧရာဝတီသို့ ပြောသည်။
“မြန်မာအစိုးရက ဒါတွေကို စုံစမ်း စစ်ဆေးရေး လုပ်ရမယ်လို့ UN က ပြောတဲ့အခါ ကျမတို့ စိတ်ပူတယ်။ အရင်တုန်းက သာဓကတွေလည်း ရှိတယ်လေ”ဟု ဒေါ်တင်တင်ညိုက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာတွင် ၂၀၁၀ ရွေးကောက်ပွဲ ကာလနောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံးပြုနေမှုကြောင့် အဆိုပါ ဖြစ်ရပ်များ ရပ်တန့်စေလိုကြောင်း ရေးသားခဲ့သည်။
ယင်း အမှုအခင်း အများစုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သော ထိုးစစ်များနှင့် ဆက်စပ်နေကြောင်း၊ အမှု ၄၇ မှုတွင် အုပ်စုလိုက် ပြုကျင့်မှုများ ပါဝင်ကာ ကျူးလွန်ခြင်း ခံရသူများတွင် အသက် ၈ နှစ် အရွယ်ပင် ပါဝင်ကြောင်း၊ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူများတွင် အစိုးရ စစ်တပ် တပ်ရင်း ၃၈ ရင်း ပါဝင်ပြီး တချို့စစ်တပ်များက အကြိမ်ကြိမ် ကျူးလွန်ကြောင်း ဖော်ပြထားသည်။
စစ်တပ်က အမျိုးသမီးများအား မုဒိန်းကျင့် စော်ကားမှုများနှင့် ပတ်သတ်၍ ယခင်က အစိုးရ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခြင်းများ ရှိခဲ့သော်လည်း တရားမျှတမှု မရရှိခဲ့သည့်အပြင် ကျူးလွန်ခံရသူနှင့် ၄င်း၏ အသိုင်းအဝိုင်း အပေါ် နှိမ့်ချခြင်းများ၊ ခြိမ်းခြောက်ခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း WLB က ထောက်ပြဝေဖန်ထားသည်။
WLB ၏ တရားဥပဒေပိုင်း အရ ကိုယ်ပိုင် ရပ်တည်ချက်၊ လုပ်ဆောင်ချက် အပေါ် အစိုးရ အနေဖြင့် အသိအမှတ် ပြုရန် လိုအပ်ကြောင်း၊ WLB အဖွဲ့အစည်းကို တရားမဝင် အဖွဲ့အစည်း ဆိုပြီး ပြောဆိုကာ အစီရင်ခံစာကို မမှန်ကန်ကြောင်း ငြင်းနေလျှင် အမျိုးသမီးများ အတွက် စစ်မှန်သည့် အမှန်တရား ရရှိရန် ခက်ခဲနေမည် ဖြစ်ကြောင်း ဒေါ်တင်တင်ညိုက ပြောပြီး “စစ်ပွဲ ဖြစ်ဖြစ်၊ စစ်မဖြစ်ပဲ စစ်တပ် ရှိတဲ့ နေရာမှာ အမျိုးသမီးတွေ အနေနဲ့ အဓမ္မ ကျင့်ခံရဖို့ နေ့စဉ် ဖြစ်နိုင်ချေက အများကြီး မြင်နေရတယ်” ဟုလည်း ဆိုသည်။
ယင်းအခြေအနေများကြောင့် WLB က ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လွတ်လပ်သော နိုင်ငံတကာ အဖွဲ့အစည်းများက ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းမှုများ ပြုလုပ်နိုင်ရန်နှင့် အောက်ခြေ အမျိုးသမီး အဖွဲ့အစည်းများကို ကာကွယ် ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် တောင်းဆိုထားကြောင်း သိရသည်။
WLB အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် မကြာမီတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရိုက်တာ သတင်းဌာန နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် အစိုးရစစ်တပ်က မုဒိန်းကျင့်ခြင်းကို လက်နက်တခုအဖြစ် သုံးစွဲနေသည် ဆို သည့် စွပ်စွဲချက်ကို ပယ်ချသွားခဲ့သည်။ စွပ်စွဲချက်နှင့် ပတ်သက်၍ အသေးစိတ် သတင်းအချက်အလက်များ ပေးရန်လည်း တောင်းဆိုခဲ့သည်။
အစိုးရ စစ်တပ်၏ အဓမ္မပြုကျင့်မှုများကို မှတ်တမ်းတင်စုဆောင်း နေသော ထိုင်းနိုင်ငံမှ ကချင်အမျိုးသမီး အဖွဲ့ (Kachin Women Association)၏ တွဲဖက်အတွင်းရေးမှူး Jessica Nhkum က ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။ ၂၀၁၄ ခုနှစ် ပထမ ၃လ အတွင်းမှာပင် စွပ်စွဲမှု အသစ်များ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။
“ကျမတို့ ရဲ့ကချင်ပြည်နယ်က စစ်ပွဲတွေဖြစ်နေတဲ့ နေရာအားလုံးကို မသွားရောက်နိုင်ပေမယ့် သွားရောက် နိုင်တဲ့ နေရာတွေဖြစ်တဲ့ မြစ်ကြီးနား တ၀ိုက်၊ လိုင်ဇာ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်ဂျာယန်လိုနေရာမျိုးတွေမှာတောင် ၂၀၁၄ ခုနှစ်အတွင်း အစိုးရ စစ်သားတွေရဲ့ မုဒိန်းကျင့်မှု ကိစ္စ အများအပြားရဲ့ အထောက်အထားတွေ ကျမတို့ဆီမှာ ရှိပါတယ်” ဟု သူက ဆိုသည်။
ပြီးခဲ့သည့်အပတ် မြန်မာနှစ်သစ်ကူးပွဲတော်ရက်များ အတွင်း၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် မုဒိန်းကျင့်မှုတိုင်တမ်းမှုများ ပိုမိုထွက်ပေါ်လာနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြော ကြသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အမှုတခုတွင် စစ်သားများက အသက် ၇ နှစ်မျှသာ ရှိ သေးသည့် မိန်းကလေးများကို မုဒိန်းကျင့်ခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းက လည်း မွန်ပြည်နယ်တွင် အသက် ၁၃ နှစ် အရွယ်မိန်းကလေး တဦးကို စစ်သားတဦးက မုဒိန်းကျင့် ခဲ့သည်ဟု စွပ်စွဲခြင်းများ ရှိခဲ့ ကြောင်း WLB က ထုတ်ဝေခဲ့သည့် အစီရင်ခံစာအရ သိရသည်။
စစ်တပ်၏ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်သည့် စွပ်စွဲမှုများ ယခင်စစ်အစိုးရကလည်း အကြိမ်ကြိမ် ပယ်ချခဲ့ဖူးသည်။ ၂၀၀၂ ခု နှစ်တွင် WLB ၏ အဖွဲ့ဝင်ဖြစ်သော Shan Women Action Network က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် လိုင်စင်ရ မုဒိန်းပြုကျင့်ခြင်း (License to Rape ) ဟု အမည်တပ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီးနောက် အစီရင် ခံစာတွင် ပါဝင်သည့် အချက်များ မမှန်ကန်ကြောင်း အမျိုးသမီးများကို ဖိအားပေး၍ အတင်း အဓမ္မ လက်မှတ်ရေးထိုးစေခဲ့ ကြောင်း WLB မှ ဒေါ်တင်တင်ညို ကပြောသည်။
“အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ တုန့်ပြန်မှုမျိုးကို ဒီတကြိမ်မှာ ကျမတို့ မလိုချင်ပါဘူး။ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြော သလို စုံစမ်းစစ်ဆေးဖို့အတွက် သတင်းအချက်အလက်တွေ ပေးဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒုက္ခရောက်နေခဲ့ ပြီးသား ဖြစ်တဲ့ ဒီ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကျမတို့ ထည့်စဉ်းစားရပါမယ်” ဟု ဆိုသည်။
No comments:
Post a Comment