အောင်ကိုဦး
အိမ်ခြေ ၁၆၀၀ ရှိ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နဘူးအိုင်မြို့နယ် ဆီမီးခုံအုပ်စု တောပုကျေးရွာ အလှူတစ်ခု၏ ဆိုင်းဝိုင်းမှ စတင်၍ ဧပြီလ ၂၂ရက်၊ ည ၁၀ နာရီတွင် လောင်ကျွမ်းသော မီးကြောင့် နေအိမ် ၃၃ လုံးဆုံးရှုံး ခဲ့ရာ ယင်းသည် မိမိအလှူကို ဖျက်ဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အလှူ့ဒါယကာ ဦးဖိုးစိုးက စွပ်စွဲပြောဆို လိုက်သည်။
“ဆိုင်းဝိုင်းအောက်ကနေ စလောင်တာ ဓာတ်ဆီလောင်းပြီးတော့ကို ရှို့တယ်လို့ ထင်တယ်။ ကျွန်တော့် အလှူကို ပျက်အောင်ဖျက်တာ ဘာမှမဖြစ်ပေမယ့် ပတ်ဝန်းကျင်ပါ ဒုက္ခရောက်ကုန်တယ်။ ဒီနယ်မှာတော့ ကျွန်တော့် အလှူအကြီးဆုံးပါ။ တစ်နယ်လုံး မီးခိုးတိတ်ကျွေးဖို့ လုပ်ခဲ့တာပါ။ အလှူကို အထ မမြောက်လိုက်ဘူး။ ကျွန်တော်အခုချိန်ထိ စိတ်ထိခိုက်နေရပါတယ်။ သက်ဆိုင်ရာကနေ တရားခံကို အမြန်ဆုံးဖော် ပေးစေချင်ပါတယ်” ဟု အလှူ့ဒါယကာ ဦးဖိုးစိုးက မဇ္ဈိမကို ပြောသည်။
မီးလောင်ကျွမ်းရာတွင် အိမ်ခြေ ၃၃ လုံးအပါအ၀င် ဆိုင်ကယ် ၁၀ စီး၊ ထွန်စက် တစ်စီး၊ စက်ဘီးနှစ်စီး၊ လှည်းတစ်စီး၊ ရေစုပ်စက် သုံးလုံး၊ မီးစက်နှစ်လုံး၊ ချွေ့လှေ့ စက်သုံးလုံး၊ ဆန်စက်တစ်စက်၊ ဆိုင်းဝိုင်း ပစ္စည်းများနှင့် ကြက်သွန်ပိဿာပေါင်းများစွာ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မြင်းခြံမြို့မှ မီးသတ်သုံးစီးနှင့် ကျေးရွာပြည်သူလူထုမှ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ဧပြီ ၂၃ရက် နံနက်၂နာရီ တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။
“မီးကတော့ ရှင်းရင်း ငြှိမ်းရင်း လုပ်နေရတယ်။ မီးသတ်က ငြှိမ်းပြီး ပြန်သွားတယ်။ အဘတို့က ဆက်ငြှိမ်း နေရတယ်။ ဘယ်သူမှ ဘာမှမရဘူး။ အလွတ်ပြေးရတာပဲ။ ဘ၀ကို အစက ပြန်စရတော့မယ်။ အများစုက ကြက်သွန်ချိန်ဆိုတော့ အကုန်ပါသွားတာ မြင်တဲ့အတိုင်းပဲ။ အိမ်တိုင်း ဂိုဒေါင်တွေနဲ့လေ။ အခုလိုဖြစ်တာ ရှို့တယ်လို့ပဲ ယူဆတယ်။ ဓာတ်ဆီလောင်းထားတဲ့ ပြေးလမ်းအတိုင်း လောင်တာပါ။ ဒီနယ်မှာတော့ အခု လို လောင်တာ ပထမဆုံး ပဲ”ဟု ဒေသခံ ဦးဟန်စိန်က ပြောသည်။
မီးလောင်မှုအား ဆီမီးခုံနယ်မြေ ရဲ စခန်းမှ ပ/၆၇ဖြင့် အမှုဖွင့်လှစ်ထားပြီး ရှို့မီး ဟုတ် မဟုတ်ကို အမြန်ဆုံး စစ်ဆေး ဖော်ထုတ်သွားမည်ဟု ဒု-ရဲအုပ်ဇော်ဝင်းက ပြောသည်။ “စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ပြီးမှပဲ အဖြေကို ပြောလို့ရပါမယ်” ဟု ၎င်းက ပြောသည်။
No comments:
Post a Comment