Saturday, June 7, 2014

ADSL သုံးစွဲခကို ပုံသေနှုန်းမှ သုံးသလောက်သာ ကျသင့်စနစ်သို့ ပြောင်းမည်

စိုးသန်းလင်း

ADSL အင်တာနက်လိုင်း ဝန်ဆောင်မှုကို တယ်လီဖုန်းများကဲ့သို့ သုံးစွဲမှုအလိုက် ပြောင်းလဲကောက်ခံသွားရန် စီစဉ်လျက်ရှိသည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်က ဇွန်လ ၅ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။

"ADSL အင်တာနက်သုံးစွဲမှုကို သုံးစွဲမှုအလိုက် ငွေကောက်ခံဖို့က billing နဲ့ သက်ဆိုင်တဲ့ စက်ပစ္စည်းတစ်ချို့ ထပ်မံတပ်ဆင်ဖို့လိုပါတယ်။ အဲဒီပစ္စည်းတွေအတွက် ကျသင့်ငွေ တွက်ချက်ပြီး ရန်ပုံငွေရရှိရေး တောင်ခံသွားပါမယ်။ ရန်ပုံငွေရလာရင် စက်တွေတပ်ဆင်ပြီး သုံးစွဲမှုအလိုက်သော်လည်းကောင်း၊ သုံးစွဲမည့်အချိန် အလိုက်သော်လည်းကောင်း နှစ်သက်ရာစနစ်ကို သုံးစွဲသူတွေက ရွေးချယ်အသုံးပြုနိုင်ဖို့ စီစဉ်သွားမှာပါ" ဟု ဒုတိယဝန်ကြီးက ပြောသည်။

ဒု-ဝန်ကြီးက ချောက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၏အမေးတွင် ADSL သုံးစွဲမှု ကျသင့်ငွေတောင်းခံလွှာများကို သုံးစွဲသူများထံ စာတိုက်မှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ တောင်းခံရန် နှင့် ADSL အင်တာနက်ချို့ယွင်းပါက တာဝန်ခံဖြေရှင်းပေးမည့် ဝန်ဆောင်မှုဌာနတစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိဟူ၍ မေးမြန်းချက်ကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ADSL အင်တာနက်လိုင်းကို ၅၁၂ ကီလိုဘိုက်မှ ၂ ဒသမ ၅ မက်ဂါဘိုက်အတွင်း ဝန်ဆောင်မှုငါးမျိုးခွဲခြားပြီး ပုံသေနှုန်းထား ငါးမျိုးဖြင့် ကောက်ခံလျက်ရှိသည်။

"ADSL ချို့ယွင်းလို့ ဆက်သွယ်တဲ့အခါတိုင်းမှာ တယ်လီဖုန်းလိုင်းများစစ်ဆေးပေးဖို့ ပြောကြားလေ့ရှိပါတယ်။ အဲဒီမှာ တယ်လီဖုန်းဌာနနဲ့ ဆက်သွယ်စစ်ဆေးကြရပါတယ်။ တယ်လီဖုန်း လိုင်းကောင်းနေတယ်ဆိုရင် အင်တာနက်ဆက်ရှင်ကို ထပ်မံစစ်ဆေးပေးဖို့ အကြောင်းကြားရလေ့ရှိပါတယ်။ အမှန်ဆိုရင် တယ်လီဖုန်းလိုင်းတွေရော၊ အင်တာနက်ဆက်ရှင်နှစ်ခုစလုံးဟာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဌာနတစ်ခုတည်းရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဌာနတစ်ခုခုက တာဝန်ယူပြီး အဆင်ပြေအောင်စီစဉ်ပေးသင့်ပါတယ်" ဟု ဦးသိန်းလွင်က ၎င်း၏အမေးတွင် ထည့်သွင်းရှင်းပြခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သတ်ပြီး ADSL အင်တာနက်ချို့ယွင်းမှုများဖြစ်ပေါ်ပါက သက်ဆိုင်ရာမြို့နယ် Exchange တာဝန်ခံများကိုလည်းကောင်း၊ ဖုန်းနံပတ် ၁ဝ၂ ၊သို့မဟုတ်၊ ၁ဝ၆ complaint ဖုန်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ရန် စီစဉ်ထားပေးပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

No comments: