Saturday, June 7, 2014

လုပ်ငန်းသုံးရေခဲဈေးနှုန်းသုံးဆမြင့်တက်၍ ရခိုင်ရေလုပ်ငန်းထိခိုက်

အေးသွယ်လှိုင်

စစ်တွေမြို့ တွင် လုပ်ငန်းသုံး ရေခဲဈေးနှုန်းမှာ ယခင်နှစ်ကထက် သုံးဆမြင့်တက်သွားသဖြင့် ရခိုင်ပြည်နယ်၏ ငါးပုဇွန်လုပ်ငန်းကို အကြီးအကျယ်ထိခိုက်မူများ ရှိနေကြောင်း သတင်းရရှိသည်။

သို့အတွက် ရေလုပ်ငန်းရှင်များ၊ ရေခဲစက်ပိုင်ရှင်များ စုပေါင်းပြီး စစ်တွေမြို့ရှိ မင်းဇာနည်အအေးခန်းစက်ရုံတွင် ယမန်နေ့ ဇွန်လ ၅ ရက်နေ့က ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ကြသည်။

“ ဈေးတက်သွားရတာက အရင်က စပါးခွံသုံးစက်နဲ့ လည်ပတ်ခဲ့တော့ ထုတ်လုပ်မူ ကုန်ကျစရိတ်က သက်သာတယ်။ ပေါင် (၃၀၀) ရေခဲတစ်တုံးကို ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အခုအခါ ဒီဇယ်စက်တွေကို အသုံးပြုနေရတော့ ရေခဲပေါင်(၃၀၀)တစ်တုံးကို အခု ကျပ်တစ်သောင်း ဝန်းကျင်နဲ့ ရောင်းချရတယ်။ ရေခဲဈေးက သုံးဆခန့်မြင့်တက် သွားခဲ့ပါတယ်” ဟု မင်းဇာနည် အအေးခန်း စက်ရုံ တာဝန်ခံ ဦးသန်းထွန်းက အစည်းအဝေးတွင် ပြောသည်။

စပါးခွံ(ဖွဲ)စက်မှာ အစပိုင်းတွင် ကုန်ကျစရိတ်သက်သာသော်လည်း နောက်ပိုင်းတွင် စက်ပြင်ဆင်စရိတ်နှင့် ထိန်းသိမ်းမူစရိတ် အလွန်များပြီး ကုန်ကျစရိတ်နှင့် အမြတ်ငွေ မကာမိသဖြင့် ဒီဇယ်စက်ကို ပြောင်းသုံးရခြင်း ဖြစ်ကြောင်း သူကဆက်ဆိုသည်။

၂၀၁၃ခုနှစ်တွင် (၃၀၀) ပေါင်အလေးချိန်ရှိ ရေခဲတစ်တုံး၏ဈေးနှုန်းမှာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိသာ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ၈၅၀၀ ကျပ်မှ တစ်ခါ တစ်ရံ ရေခဲရှားချိန်တွင် ကျပ် ၁၅၀၀၀ အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“ ဈေးကစားလို့ ဈေးနှုန်း မြင့်တက်ရတယ်လို့ ထင်တယ်။ ရေလုပ်ငန်းဟာ ကျွန်တော်တို့ ရခိုင်ပြည်ရဲ့ အသက်သွေးကြောဖြစ်သလို ရေခဲဟာလည်း ငါးပုဇွန် လုပ်ငန်းအတွက် အဓိက အလိုအပ်ဆုံးပစ္စည်း ဖြစ်ပါတယ်။ ရေခဲဟာ ငါးလုပ်ငန်း အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေလုပ်ငန်းရှင် တွေကို ရေခဲတွေ ဦးစားပေးရောင်းဖို့ လိုအပ်ပါတယ်” ဟု အခမ်းအနားတက်ရောက်လာသူ ရေလုပ်ငန်းရှင် ဦးထွန်းစိန်အောင်မှ ရေခဲစက်ရုံပိုင်ရှင်များအား တောင်းဆိုသွားခဲ့သည်။

ရေခဲဈေးနှုန်း အဆမတန်မြင့်တက်ခြင်းမှာ လုပ်ငန်းလည်ပတ်မည့် လျှပ်စစ်ဓါတ်အားကို အစိုးရထံမှ လုံလောက်အောင် မရရှိ၍ ဖြစ်ကြောင်း၊ အစိုးရက လျှပ်စစ်ဓာတ်အားကို သင့်တော်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးမှသာ ရေခဲဈေးနှုန်းပြဿနာများအား ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း A.T.A ငါးပုစွန်ရောင်းဝယ်ရေးမှ ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်၊သဘောတူညီချက် တစ်စုံတစ်ရာမချမှတ်နိုင်ခဲ့သော်လည်း ယခု ကဲ့သို့ စဉ်ဆက်မပြတ် ဆွေးနွေးလျှင် ရလဒ်များ ထူးခြားလာနိုင်ကြောင်း လုပ်ငန်းရှင်များကြား ကြားဝင် ညှိနှိုင်း ဆွေးနွေးပေးသူ ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာကိုအောင်မင်းဦးက ပြောကြားသည်။

လုပ်ငန်းသုံး ရေခဲဈေးတက်သွား၍ ရခိုင် ငါးပုဇွန်လုပ်ငန်းကို ထိခိုက်လျှင် ရခိုင်ပြည်နယ် စီးပွားရေးကိုသာမက နိုင်ငံတော်၏ စီးပွားရေးကိုလည်း ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာမှလည်း စေတနာတရား လက်ကိုင်ထားပြီး လျှပ်စစ်မီး ဈေးနုန်းချိုသာစွာဖြင့် သုံးစွဲခွင့်ရရေး ဖြေရှင်းပေးသင့်ကြောင်း တက်ရောက်လာသူများက ပြောကြားသည်။

ဆွေးနွေးပွဲသို့ လူပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: