လင်းမြတ်
မြန်မာနိုင်ငံ ပြင်သစ်သံရုံး ပထမအတွင်းဝန်သည် ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားများနှင့် ယမန်နေ့က စစ်တွေတွင် တွေ့ဆုံခဲ့သည်။
ပြင်သစ်သံရုံးပထမအတွင်းဝန် Mrs.Sonia Tebbakh အပါအဝင် သံရုံးတာဝန်ရှိသူ (၃)ဦးသည် သူတို့၏ စစ်တွေ ခရီးစဉ် အတွင်း ပြည်တွင်း ပြည်ပ အခြေစိုက် မီဒီယာ(၇)ခုမှ ရခိုင်သတင်းသမားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲကို စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာများနှင့် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ပြင်သစ်သံရုံး ပထမအတွင်းဝန် Mrs.Sonia က အစည်းအဝေးတွင် ယခုလို ပြောသည်။
“ရခိုင်ကိုလာတာ ဒါပထမဦးဆုံးပါ။ ရခိုင်မှာ ဂျာနယ်လစ်တွေ၊အစိုးရအဖွဲ့ဝင်လူကြီးတွေ၊ဒေသခံတွေနဲ့ တွေ့တော့ ဒီမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ တွေကို ပိုပြီးတော့ နားလည်နိုင်ပါတယ်။ သတင်းသမားတွေ ဆိုတာကလည်း နိုင်ငံ တစ်ခုမှာ သိပ်အရေးပါတယ်လေ” ဟု သူမက ဆိုသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ လက်ရှိသတင်းစာလွတ်လပ်ခွင့်အခြေအနေများနှင့် ပတ်သက်ကာ အဓိက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော သတင်းသမားများကလည်း မိမိတို့၏ အမြင်များကို ဖလှယ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် အစိုးရအနေဖြင့်သော်လည်းကောင်း ၊ဌာနဆိုင်ရာများ အနေဖြင့်သော်လည်းကောင်း သတင်းသမားများနှင့် ထိတွေ့ဆက်ဆံမှုအားနည်းသေးကြောင်း “ရခိုင်ပြည်နယ်သတင်းဂျာနယ်”မှ အယ်ဒီတာ
ဆရာကြီး ကျွန်းသားငမန်းက ဆိုသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်းရောက်မှ ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေ အခြေစိုက်ခွင့်ရခဲ့တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့သော်လည်းကောင်း၊ ဌာနဆိုင်ရာတွေအနေနဲ့ သော်လည်းကောင်းသတင်းသမားတွေနဲ့ ထိတွေ့မှုက တော်တော်အားနည်းနေသေးတယ်” ဟု ဆရာကြီးက ပြင်သစ်အတွင်းဝန်အား အစိုးရနှင့် သတင်းသမားများ အကြား ကွာဟမူရှိနေပုံကို ပြောပြခဲ့သည်ဟု ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် သတင်းသမားများအနေဖြင့် လွတ်လပ်စွာ သတင်းရယူခွင့် မရှိသေးကြောင်း ဒီဗွီဘီ သတင်းထောက် ကိုဖိုးသီဟက ဆိုပြန်သည်။
“ကျွန်တော်တို့ ရခိုင်မှာ ပြည်တွင်း သတင်းထောက်နဲ့ ပြည်ပသတင်းထောက်ဆိုပြီး သတင်းသမားနှစ်မျိုး ရှိနေ တယ်။ဒီမှာ ကျွန်တော်တို့တွေ့ရတာကတော့ ပြည်တွင်းအစိုးရသတင်းထောက်တွေအနေနဲ့ ကတော့
သတင်းယူတဲ့အခါ သိပ်အ နှောင့် အယှက်မဖြစ်ဘူးပေါ့။ဒါပေမယ့်ပြည်ပအခြေစိုက် သတင်းထောက်တွေ အနေနဲ့ကျ တော့ သတင်းသွားယူတဲ့အခါ အချို့နေရာတွေဆိုရင် လုံးဝ ပေးမဝင်တာတွေ ရှိတယ်” ဟု သူကဆိုသည်။
မနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးမှ သတင်းသမားများ၏ တင်ပြချက်များကို ပြင်သစ် အစိုးရနှင့် ဥရောပ သမဂ္ဂထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ပြင်သစ်သံရုံးတာဝန်ရှိသူများက အစည်းအဝေးတွင် ပြောဆိုသည်။
ပြင်သစ် သံတမန်အဖွဲ့သည် ညနေ (၆) နာရီခွဲတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ဖွင့်လှစ်ထားသော ၈၈ မျိုးဆက်ကွန်ယက် (ရခိုင်) ရုံးသို့ သွားရောက်ပြီး ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။
No comments:
Post a Comment