ကျော်စိုးမိုး
ရန်ကင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွင် လုပ်ကိုင်နေသည့် ၀န်ထမ်းချင်း သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေဆဲသာဖြစ်သည်ဟု ရန်ကင်းမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ဇော်ဇော်က ပြောသည်။
“သတ်သွားတဲ့သူရဲ့ ဇာတိမြို့မှာရှိတဲ့ ရဲစခန်းမှာလည်း သူ့ဓာတ်ပုံတွေထားပြီးတော့ စုံစမ်းနေတယ်။ နယ် စပ်ထွက်ပေါက်တွေမှာလည်း ဓာတ်ပုံတွေပို့ထားပြီး ပြည်ပကို ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားတယ်။ ဖမ်းမိဖို့တော့ နီးနေပါပြီ” ဟု ၎င်းက ပြောကြားသည်။
သေဆုံးသွားသည့်သူမှာ ရန်ကင်းမြို့နယ်၊ (၁၄)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အကြော် ဆရာအဖြစ် အလုပ်လုပ်ကိုင်သည့် ၀န်ထမ်းတစ်ဦးဖြစ်ပြီး ယခုလ ၃ ရက်၊ နံနက်ပိုင်း ၁ နာရီခွဲ ၀န်းကျင်က ဦးခေါင်းကို ၀ါးဆစ်ပိတ်တုတ်ဖြင့် ရိုက်နှက်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သူဟု ယူဆခံထားရသူမှာ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ကျေးရွာ တစ်ခုမှ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးလုပ်ကိုင်နေသည့် လူငယ်တစ်ဦးဖြစ်သည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူကို ရန်ကင်းမြို့မရဲစခန်းမှ (ပ) ၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက် ရှိသည်။ စားသောက်ဆိုင်ဝန်ထမ်းချင်း ရိုက်သတ်ခဲ့မှုမှာ ဇွန်လ ၁၇ ရက်တွင် ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း တရားခံကိုဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ရန်ကင်းမြို့နယ်တွင် ပြီးခဲ့သည့်မတ် ၁၅ ရက်က ခေါင်းဖြတ်လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းအမှုမှာ ရုံး ချိန်းခြောက်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီး နှစ်လကျော်ကြာ သက်တမ်းရှိနေပြီဖြစ်သော်လည်း စီရင် ချက် မချနိုင်သေးပေ။
No comments:
Post a Comment