Friday, June 13, 2014

ရေအားလျှပ်စစ်စီမံကိန်းများ ရှင်းပြရန် အစိုးရအဖွဲ့သို့ ဦးရွှေမန်းတောင်းဆို

စိုးသန်းလင်း

မြန်မာနိုင်ငံ၌ လက်ရှိဖြန့်ဖြူးသော လျှပ်စစ်ဓာတ်အား ပမာဏထက် အဆပေါင်း ၁၇၀ ခန့် ပိုထုတ်ပေးနိုင်မည်ဆိုသည့် ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် သံလွင်မြစ်ရှိရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုတို့၏ ကောင်းကျိုးဆိုးပြစ်များသိရှိနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရှင်းလင်းရမည်ဟု သူရ ဦးရွှေမန်းက အစိုးရအဖွဲ့ကို ယနေ့ပြောကြားသည်။

“ဒီကိစ္စဟာ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ယူဆတဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ စီစဉ်ထားတဲ့အစီအစဉ်တွေကို လာရောက်ရှင်းလင်းပေးဖို့ ကျွန်တော်ပြောပါတယ်”ဟု ၎င်းက ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ပြောသည်။

ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များမှန်ကန်စွာ နားလည်သဘောပေါက်စေရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက လာရောက်ရှင်းလင်းပေးစေလိုကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖြည့်စွက်ပြောခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ပေါ်တွင်မှ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၁,၄၀၀ ရှိ ကွမ်းလုံရေအား လျှပ်စစ်စီမံကိန်း၊ စက်အင်အား မဂ္ဂါဝပ် ၁,၂၀၀ ရှိ နောင်ဖ၊ စက်အင်အား မဂ္ဂါဝပ် ၇,၀၀၀ ရှိ မိုင်းတုံစသည့် ရေအားလျှပ်စစ်စီမံကိန်းငါးခုနှင့် သံလွင်မြစ်၏ မြစ်လက်တက်ပေါ်တွင်ရှိသော တပ်ဆင်စက်အင်အား ၂၂၅ မဂ္ဂါဝပ်ရှိ မန်တောင်းရေအားလျှပ်စစ်စီမံကိန်းတို့နှင့်ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများ သုံးသပ်ပြီး ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရှင်းပြရန်အစီအစဉ်ရှိ၊ မရှိဟူသည့် လောက်ကိုင်မဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကိုယ်စား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီက မေးမြန်းသည်ကို အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးမော်သာထွေးက ပြန်လည်ဖြေကြားအပြီး ၎င်းက သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒု-၀န်ကြီးက “အများက သံလွင်မြစ်ပေါ်မှာ လျှပ်စစ်ရေအားလျှပ်စစ် ခြောက်ခုလို့ ပြောကြတယ်။ အမှန်က ငါးခုပါ။ သံလွင်မြစ်ရဲ့ မြစ်လက်တက် နမ့်မမြစ်ထဲက မန်တောင်းစီမံကိန်းပါမှ ခြောက်ခု၊ ပေါင်းလောင်းဆည်မှာ ကွမ်းလုံစီမံကိန်းနဲ့ မန်တောင်းစီမံကိန်းကလွဲရင် ကျန်တဲ့ မိုင်းတုံ၊ ရွာသစ်နဲ့ ဟတ်ကြီးရေအားလျှပ် စစ် စီမံကိန်းတွေအတွက် လေ့လာနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်”ဟု ဖြေကြားခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူး နေသည့် လျှပ်စစ်ဓာတ်အားစုစုပေါင်း ပမာဏမှာ ကီလိုဝပ်နာရီ သန်း ပေါင်း ၄၂ သန်း ရှိပြီး ကွမ်းလုံစီမံကိန်းတစ်ခု တည်းကပင်နေ့စဉ် ကီလိုဝပ်နာရီ ၇,၁၄၂ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နောင်ဖရေအားလျှပ်စစ်စီမံကိန်းက ၆,၁၈၂ သန်း၊ မန်တောင်းက ၉၃၆ သန်း၊ မိုင်း တုံက ၃၄,၇၁၇ သန်း၊ ဟတ်ကြီးစီမံကိန်းက ၇,၃၂၅ သန်း စသဖြင့် ထုတ်လုပ်နိုင်ကြမည်ဖြစ်ပြီး ၎င်း စီမံ ကိန်းများ၏ ရေလှောင်ကန်များနှင့် စက်များ၏ ထိန်းသိမ်းမောင်းနှင်ရာတွင် အသုံးပြုကြမည် သံလွင်မြစ်စီး ၀င်ရေ၏ ရာခိုင်နှုန်းများမှာ ၀ ဒသမ ၀၉ မှ တစ်ရာခိုင်နှုန်းအတွင်းသာရှိကြောင်း၊ ရေလှောင်ကန်ကြောင့် မြစ်အောက်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ ရေခန်းခြောက်ခြင်းစသည့် အကျိုးဆက်များမရှိပါကြောင်းဖြင့် ဒု-၀န်ကြီးက ၎င်းဖြေဆိုခွင့်ရ ခြောက်မိနစ်တာအတွင်း အတိုချုပ်၍ ဖြေကြားခဲ့သည်။

ဒု-၀န်ကြီး၏ ဖြေကြားချက်တွင် ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းကပင် နိုင်ငံတော်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၇ သန်းခန့် ဖြင့် နှစ်ပေါင်းလေးဆယ်အတွက်ရရှိမည် ဖြစ်ကြောင်း၊ အလားတူ နောင်ဖစီမံကိန်းမှ ဒေါ်လာ ၈၁ ဒသမ ၈ သန်း၊ မန်တောင်းမှ ၁၂ ဒသမ ၂ သန်းစသဖြင့် ရရှိနိုင်သော ခန့်မှန်းမက်လုံးများလည်း ပါဝင်သည်။

သို့ရာတွင် ဤသို့ဖြေကြားချက်မှာ မူလမေးခွန်းလိုရင်းဖြစ်သော အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများ၏ ကောင်းကျိုး ဆိုးကျိုးများအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရှင်းပြရန် အစီအစဉ်ရှိ၊ မရှိဟူသည့် အမေးအတွက် တိကျသည့်အဖြေ မပါသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရှင်းပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ခြင်းဖြစ်သည်။

No comments: