Friday, June 13, 2014

ရွှေ့ပြောင်း အလုပ် သမားများအား ချင်းမိုင် အာဏာပိုင်များ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီး

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရောက် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းရဲနှင့် စစ်တပ်က နေရာ အတော် များများ၌ ပိုက်စိပ် တိုက်စစ်ဆေးကာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် မရှိသည့် သျှမ်းပြည်မှ ရွှေ့ပြောင်း အလုပ် သမား အား ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု ထိုင်းရဲ တပ်ဖွဲ့ အရာရှိ တဦးက ပြောသည်။

ဂျွန်လ ၁၁ ရက် ယနေ့နံနက် ၉ နာရီက ချင်းမိုင်မြို့တွင်း ချန့်မွယ့်ရပ်ကွက် ပါဖိုင့်ပိုင်း မယ့်ခါချောင်း ရိုး တလျှောက် အများပိုင်မြေတွင် ကျူးကျော်တဲထိုးနေထိုင်မှုအား ချင်းမိုင်ခရိုင် အေးချမ်းသာယာ ရေးထိန်း သိမ်းရေးအဖွဲ့နှင့်အတူ စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တို့ပူးပေါင်းကာ ရှောင်တခင် ၀င်ရောက် စစ်ဆေးရာ တရားဝင်အလုပ်လုပ်ခွင့်ကတ်ပြားမရှိသူ ရွှေ့ပြောင်း အလုပ်သမား ၃၀ ကျော် ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် ချင်းမိုင်မြို့ ကတ်မိန်းမိုင်ဈေး၊ ၀တ့်ပါပေါက် အနောက်တန်း၊ ၀တ်ကူ တောဝ့်ဘုန်းကြီးကျောင်း ၀န်းကျင်နှင့် ချင်းမိုင်မြို့ အလုပ်သမားတန်းလျားအချို့နေရာများ၌ စစ်ဆေး ခဲ့ကြောင်း ရွှေ့ပြောင်းအလုပ် သမားကတ် ကူညီလုပ်ဆောင်ပေးသူ စိုင်းနောင့်ကပြောသည်။

``မနက်စောစောမိုးမလင်းခင်က ၀ပ်ပါပေါက်ဘုန်းကြီးကျောင်းအနောက်ဘက်က လူနေရပ်ကွက်ကို ၀င်စစ် တယ် လို့သတင်းကြားတာနဲ့ ကျနော်တို့ ဟန်တုန်းမြို့နယ်ဘက်မှာ သွားပြီးအလုပ်လုပ်တယ်။ ထမင်းစား ချိန်ရောက်ခါနီးမှာဘဲ ဒီမှာလည်း ၀င်စစ်မယ်လို့သတင်းကြားလို့ ထမင်းတောင်မစားအားဘဲ ထွက်ပြေး ကုန်ကြတာ။ လုပ်အားခလည်းမရလိုက်ဘူး။ နေ့လည်စာလည်းမစားလိုက်ရဘူး´´ ဟု အလုပ်လုပ်ခွင့် နေထိုင်ခွင့်လက်မှတ်မရှိသေးသည့် ချင်းမိုင်ရောက် သျှမ်းပြည်တောင်ပိုင်းသား စိုင်းအိုက်လမ် က သျှမ်းသံတော်ဆင့်အားပြောသည်။

ချင်းမိုင်မြို့ (လက်ထောက်)အုပ်ချုပ်ရေးမှူး မစ္စတာချန ဖိုင့်ဖိပွန်း က ချင်းမိုင်မြို့တွင်း အေးချမ်းသာယာ ရေးအတွက် မသမာမှုများ၊ မူးယစ်ဆေးဝါး နှင့် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စများ ရှင်းလင်းရန် အတွက် ရွှေ့ပြောင်း အလုပ်သမားတန်းလျားရှိသည့်နေရာများ၊ ပြစ်မှုကျူးလွန်နိုင်မည့်သူများအား လိုက်လံစစ်ဆေးဖမ်းဆီး ခြင်းဖြစ်ကြောင်း၊ အဆိုပါစစ်ဆေးမှုတွင် အများပိုင်မြေ ကျူးကျော်တဲ ၉ လုံးကိုလည်း ဖျက်ဆီးလိုက်ပြီးဖြစ်ကြောင်း၊ ကျူးကျော်တဲဟု ယူဆရသည့် တဲအလုံး ၆၀ အားလည်း ဆက်လက်စစ်ဆေးကာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောပြသည်။

ယခုလက်ရှိတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ယာယီ နေထိုင်ခွင့် နှင့်အလုပ်လုပ်ခွင့် ဗီဇာ ၄ နှစ်သက်တမ်းရှိသူများ သက်တမ်းတိုးရန်လိုအပ်နေသည့် အချိန်ဖြစ်ပါ သည်။ သို့သော် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဆိုပါဗီဇာသက်တမ်းတိုးခြင်းကို ခေတ္တရပ် နားထား သည် ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားအများစုအတွက် အခက်အခဲရင်ဆိုင်နေရသကဲ့သို့ အသစ်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း တရားဝင်အလုပ်လုပ် ခွင့်ကတ်ပြား လုပ်ဆောင်ပေးခြင်းမရှိသေးသဖြင့် ယခုကဲ့သို့ ရှုပ်ထွေးမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

No comments: