Monday, June 23, 2014

ဦးအံ့မောင် ထိန်းသိမ်းခံရသည့်သတင်း မဟုတ်ဟု သမ္မတရုံးပြော

Mizzima

သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ဇွန်လ ၂၂ရက် ညက ထိန်းသိမ်းလိုက်ပြီဟု သတင်းထွက်ပေါ်လာသည်ကို သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်မပြုနိုင်ဟု မဇ္ဈိမကို ပြောသည်။

ဦးအံ့မောင်အား အထူးစုံစမ်းရေးဌာနက ထိန်းသိမ်းလိုက်သည်ဟူသည့် သတင်းကို RFA သတင်းဌာနက နေပြည်တော် အသိုင်းအဝိုင်းကို ကိုးကားကာ ဇွန်လ ၂၂ရက်က ရေးသားထားခြင်း ဖြစ်သည်။ ဦးအံ့မောင်ကို ထိန်းသိမ်းခြင်းသည် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ရေးသားထားသည်။

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထိန်းသိမ်းပြီးနောက်ပိုင်း ယင်းကိစ္စနှင့် ဆက်နွယ်သူများကို စုံစမ်းစစ်ဆေးကာ အရေးယူသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် ဦးဆန်းဆင့်ကို ရမည်းသင်းထောင်တွင် ဖမ်းဆီးထားပြီး သူ၏ ကိုယ်ရေးအရာရှိ တစ်ဦးမှာလည်း သတင်းစုံစမ်း၍ မရကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပုဒ်မသည် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက်တစ်ကျွမ်းအထိ ချမှတ်နိုင်သည့် ပုဒ်မလည်း ဖြစ်သည်။

No comments: