Monday, June 23, 2014

သျှမ်း(မြောက်) မှ ခေါင်းတလုံး ပါ အမွှာ ချင်းမိုင်၌ ခွဲစိတ်မည်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း သီပေါ မြို့နယ်မှ လသား အရွယ် ခေါင်း တလုံးတည်းပါ အမွှာ ကလေး တဦး ခွဲစိတ် ကုသရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အထင်ကရ ဆေးရုံကြီး တခုသို့ ဂျွန်လ တတိယပတ် အတွင်း ရောက် ရှိသည်။

အသက် ၆ လ ကျော်ရှိသည့် အဆိုပါ ကလေးငယ်သည် ရင်ဘတ် တည့်တည့်မှ ခန္ဓာကိုယ်နှင့် ခြေလက် တစုံအပို ထပ်မံပါရှိ လာခြင်း ဖြစ်ပြီး တခြား ကလေးများ ကဲ့သို့ ပုံမှန် ကျန်းမာ နေသော်လည်း ကိုယ်ခန္ဓာ နှစ်ခု အတွက် သွေးလည်ပတ် ပေးသည့် နှလုံး တခုတည်း ပါရှိကြောင်း၊ သို့သော် ၎င်း၏ နှလုံးသည် ညာဘက်တွင် တည်ရှိနေသည့် အပြင် နှလုံးအိမ် အမြှေးပါး ပေါက်နေသည့် ရောဂါလည်း ခံစား နေရကြောင်း၊ ကလေး၏ ခန္ဓာကိုယ် နှစ်ခု စလုံးတွင် မ အင်္ဂါရော စအိုပေါက်ပါ ပါဝင်ကြောင်း - တာဝန်ကျ ဆရာဝန် ပြောသည်။

“နှလုံးအမြှေးပါးပေါက်နေတာလဲ တခါတည်းကုသပေးမယ်။ လာမယ့်သုံးလေးရက်အတွင်း ခွဲစိတ်ကုသ နိုင်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ကလေးအခြေအနေ၊ သွေးလည်ပတ်မှု၊ ဆီးဝမ်းလည်ပတ်မှု သိရှိ ဖို့ အနည်းဆုံးတပတ်လောက်တော့ အချိန်ယူ ပြုစုစောင့်ရှောက်ပေးရမယ်” - ဟု အဆိုပါ ဆရာဝန်က ပြောသည်။

“ကျမတို့က ရွာမှာနေတယ်ဆိုတော့ ရွာထဲက ဆရာနဲ့ဘဲ မွေးတာ။ ဘာမှမဖြစ်ဘူး။ ပုံမှန်ဘဲ။ ချစ် တယ်။ ကိုယ်ခန္ဓာနှစ်ခုနဲ့ဆိုတော့ သူ့ကိုကြည့်ရင်သနားတယ်။ သူက မှောက်တတ်နေပြီလေ။ ရင်ဘတ်ကခြေ လက် အပိုနဲ့ဆိုတော့ သူများကလေးလို ရှေ့မသွားနိုင်သေးဘူးပေါ့။ ထိုင်းမှာဆေးလာကုခွင့်ရအောင် အဘက် ဘက်က ကူညီပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီမှာ အစစ အရာရာ ကူညီပေးတဲ့ သျှမ်းအမျိုးသမီးဖွဲ့ကိုလဲ အထူးကျေးဇူးတင်ပါတယ်” - ဟု မိခင်ဖြစ်သူ နန်းခမ်းငွေကပြော သည်။

အဆင်ပြေချောမွေ့စေရေးအတွက် အစစအရာရာလိုက်လံကူညီပေးနေသည့် သျှမ်းအမျိုးသမီး ပူပေါင်း လှုပ်ရှားဆောင်ရွက်ရေးအသင်း အကြီးအကဲ နန်းဆိုင်မွန်းက - SWAN အနေဖြင့် လူ့အခွင့်အရေး၊အမျိုး သမီးအရေး နှင့် မိခင်၊ ကလေးများအတွက် ကျန်းမာရေး ပညာရေး ကူညီထောက်ပံ့ရန် အဓိက တာဝန် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ဆေးရုံက တာဝန်ယူမည်ဖြစ်သောကြောင့် ကလေးအား ဘမ်းပြပြီး အလှူခံခြင်းမျိုးလည်း မဖြစ်စေလိုကြောင်း၊ ထို့အတူ လက်လွတ်စပယ် ဓါတ်ပုံရိုက် ဖေ့စ်ဘုခ် ပေါ် တင်ခြင်းမျိုးလည်းရှောင်ရှားပြီး မွေးရာပါကလေးအခွင့်အရေးအား အကာ အကွယ် ပေးသင့်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

No comments: