Tuesday, June 3, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ နယ်စပ်ပြဿနာများ အတွက် တွေ့ဆုံမည်

သူဇာ / ကောင်းမြတ်မင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း အပါအ၀င် နယ်စပ်ရေးရာ ပြဿနာများနှင့် ပတ် သက် ၍ နှစ်နိုင်ငံ အရာရှိများ ရခိုင်ပြည်နယ် မောင်တောမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရှိရသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ ကွပ်ကဲရေးမှူး အဆင့်ရှိသူများက တက်ရောက်ကြမည် ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု မောင်တော ရဲစခန်း တာဝန်ရှိသူ က ပြောသည်။

မြန်မာ-ဘင်္ဂလား နယ်စပ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲမျာ၊ ပဋိပက္ခများနှင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး လက်နက် ကိုင်အဖွဲ့ (RSO) ကိစ္စတို့ကိုပါ အဓိကထား ဆွေးနွေး အဖြေရှာကြမည် ဖြစ်သည်။

ထို့အတူ နှစ်နိုင်ငံ အလံတင် အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ မေလ ၂၈ ရက်က နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ် အဆင့်ရှိသူ တဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အလားတူ မေလ ၁၇ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုနှင့် မြန်မာ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြရာ မြန်မာ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာ အာဏာပိုင်များက မီဒီယာများကို ဖြေဆိုခဲ့သည်။

RSO အဖွဲ့သည် မြန်မာနိုင်ငံ အတွင်း နေထိုင်နေသည့် ဘင်္ဂါလီလူမျိုးများ၏ အခွင့်အရေး ရရှိရန် အတွက်ဟု ဆိုကာ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ခိုအောင်း သွားလာ လှုပ်ရှားနေကြောင်း နိုင်ငံတော် သမ္မတ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် က ပြောခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ပြည်မြို့၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသများ၌ အစ္စလမ် ဘာသာဝင် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များသည် မူဂျာဟစ် အမည် များဖြင့် ၁၉၆၄ ခုနှစ်မှ စ၍ စတင်လှုပ်ရှားခဲ့ပြီး ၁၉၉၀ ၀န်းကျင်တွင် RSO အဖွဲ့အဖြစ် ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို RSO အဖွဲ့၏ လှုပ်ရှားမှုများသည် ၂၀၁၂ ခုနှစ်မှစတင်၍ ပြန်လည်တွေ့မြင်လာရကြောင်းလည်း သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ် က ဆိုသည်။

No comments: