Friday, June 6, 2014

ရခိုင်စည်းထိန်းသိမ်းရေး သံဃာတော်များမှ အချက် (၄) ချက်ကို နိုင်ငံတော် အစိုးရထံ တင်ပြတောင်းဆိုမည်

လင်းမြတ်

၂၀၁၂ ခုနှစ်က ရခိုင်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခအတွင်း ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှ ရခိုင်ပြည်နယ်နှင့် စပ်လျဉ်းသော အချက် (၄) ချက်ကို နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု နာယက ဆရာတော် ဦးစန္ဒာဝရက ပြောသည်။

တောင်းဆိုမည့် အချက် (၄) ချက်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူဆိုင်ရာ ဥပဒေကို ရခိုင်ပြည်နယ်အတွင်း အမြန်ဆုံး အကောင်အထည်ဖေါ်ရန်၊ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်ပြီး ကျောက်ဖြူ ရခိုင် အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် အစိုးရမှ ဆောင်ရွက်ပေးရေး တောင်းဆိုရန်၊ ရခိုင်ပြည်နယ် လုံခြုံမူရှိအောင် ပင်လယ်ပြင်နဲ့ မောင်တောနယ်စပ်ကို လုံခြံရေးတိုးမြှင့် ဆောင်ရွက်ရန်နှင့် ယခုအခါ ရခိုင်ပြည်နယ် မြို့ရွာ အနှံ့အပြားမှ ရခိုင်လူမျိုးများ နေ့စဉ်နှင့် အမျှ ထိုင်း၊ မလေးရှား၊ ကော့သောင်၊ ဖါးကန့်၊ တရုတ်နယ်စပ်များသို့ ထွက်ခွာနေကြသည်ကို ရပ်တန့်ရေးအတွက် အစိုးရမှ အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဟု ရခိုင်လူထုအား ကတိပေးထားသော စက်မူနှင့် စီးပွားရေးဇုံတို့တွင် စက်ရုံ အလုပ်ရုံများကို အမြန်ဆုံး တည်ဆောက်ပေးရန်တို့ ဖြစ်ကြောင်း ဆရာတော်က ဆိုသည်။

၎င်းအချက် (၄) ချက်မှာ အရေးကြီးသဖြင့် တောင်းဆိုရန် ဆုံးဖြတ်ချက် ချခြင်း ဖြစ်ကြောင်းဆရာတော်က ဆက်ပြောသည်။

ဇွန်လ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ စစ်တွေမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ရဟန်းတော် (၇၀) နီးပါး တက်ရောက်ခဲ့သော ယင်းရဟန်းတော် အဖွဲ့၏ ဒုတိယအကြိမ်မြှောက် အစည်းအဝေးမှ ဆုံးဖြတ်ချက် (၈)ချက်နှင့် ဖေါ်ပြပါ တောင်းဆိုချက် (၄) ကို ချမှတ်ခဲ့ကြသည်။ယင်းအထဲတွင် ပါဝင်သော ဆုံးဖြတ်ချက်များမှာ …………


၁။စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ကို ပြည်နယ်အဆင့်တိုးမြှင့် ဖွဲ့စည်းကြရန်။

၂။ပြည်နယ်အဆင့်ဖွဲ့စည်းနိုင်ရန် မြို့နယ်အသီးသီးတို့၌ အသင်းဝင်စာရင်းများကို ပြုစု၍ ဝါဆိုလပြည့်နေ့
နောက်ဆုံးထားကာ စစ်တွေ စည်း/ထိန်း သို့ပေးပို့ကြရန်ဖြစ်သည်။

၃။ရခိုင်ပြည်နယ်လုံးဆိုင်ရာ သင်းလုံးကျွတ်စည်းထိန်းအစည်းအဝေးကို တစ်နှစ်တစ်ကြိမ်ကျ နတ်တော်လတွင် ကျင်းပရန်။

၎။အသင်းဝင် သံဃာများလိုက်နာရန် စည်းကမ်းချက်များကိုစစ်တွေစည်းထိန်းနှင့် ဥပဒေပညာရှင်များ
ညှိနှိုင်းရေးဆွဲကာ မြို့နယ်အသီးသီးသို့ ပေးပို့ရန်။

၅။ ဘဏ္ဍာငွေရရှိရေးကို မိမိတို့မြို့နယ်အလိုက် စုဆောင်းရန်။

၆။ ဘဏ္ဍာငွေတိုးပွားရေးအတွက် မြို့နယ်များသို့ လှည့်လည်တရားဟောကြရန်။

၇ ။ NGO,INGO အဖွဲ့များ၏ လုပ်ဆောင်မှုများကို မြို့နယ်အသီးသီး၌ စောင့်ကြည့်ရန်။

၈ ။ ရခိုင်ပြည်နယ်သို့ အောင်ဆန်းစုကြည်လာရောက်မည့် ခရီးစဉ်ကို ထောက်ခံခြင်းမပြုဘဲ ပုံမှန်အတိုင်း
နေထိုင်ရန် စသည့် အချက်များကို ဆုံးဖြတ်ခဲ့ကြသည်။ တောင်းဆိုချက်(၄)ချက်ပါဝင်ပြီး ယင်းတောင်းဆိုချက်များကို သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် နိုင်ငံတော်သမ္မတတို့ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းထိန်းရခိုင်သံဃာတော်များ၏ ပထမ အကြိမ် အစည်းအဝေးကို စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ကျင်းပခဲ့ကြောင်း သိရှိရသည်။

No comments: