Friday, June 6, 2014

ယခုနှစ်မိုးရာသီ ငပလီဟိုတယ် အချို့ဖွင့်မည်

ကေဇူး

ငပလီဟိုတယ်ဇုံမှ ဟိုတယ်များကို ရာသီအကုန်တွင် ခေတ္တပိတ်ခဲ့သော်လည်း ယခုနှစ်မိုးရာသီတွင် ဟိုတယ် အချို့စမ်းသပ်ဖွင့်မည်ဟု ငပလီဟိုတယ်ဇုံ ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က ဇွန် ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသည် အများဆုံးရောက်ရှိရာ ကမ်းခြေဖြစ်သည့် ငပလီဟိုတယ်ဇုံ အတွင်းရှိ ဟိုတယ်များကို ဇွန် ပထမပတ်မှ စ၍ စက်တင်ဘာလ အထိ ခေတ္တပိတ်ထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ဟိုတယ် အချို့ကို စမ်းသပ်ဖွင့်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

“နောက်နှစ်တွေဆိုရင် ဟိုတယ် အားလုံးမပိတ်ဘဲ ဖွင့်နိုင်ဖို့မျှော်လင့်တယ်၊ ဒီနှစ်က စမ်းသပ်တဲ့သဘောနဲ့ အချို့ ဟိုတယ်တွေ ဖွင့်ထားတယ်”ဟု ဦးကျော်စွာမောင်မောင်ကပြောသည်။

ငပလီ ကမ်းခြေ ဟိုတယ်ဇုံတွင် ဟိုတယ် ၂၂ လုံးရှိသည့်အနက် ယခု မိုးရာသီတွင် ဟိုတယ် လေးခုကို ကနဦး ဖွင့်မည်ဖြစ်သည်။ ပြီးခဲ့သည့် ခရီးသွားရာသီတွင် ယခင်နှစ်ကထက် ခရီးသွားဧည့်သည် သုံးဆယ်ရာခိုင်နှုန်းကျော် ရောက်ရှိခဲ့သည်ဟုဆိုသည်။

ဟိုတယ် ဝန်ထမ်းများကိုမူ ပိတ်ထားသည့် သုံးလအတွင်းတွင် ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများပေးခြင်း တို့ကို ပြုလုပ်ပေးမည်ဖြစ်ပြီး လုပ်ခလစာကို လဝက်စာသာ သတ်မှတ်မည်ဟု ဆိုသည်။

“ကမ်းခြေနဲ့ အရမ်းနီးတဲ့ ဟိုတယ်တွေက တော့ဖွင့်ဖို့မလွယ်ကူဘူး ဒီဘက်မှာက မိုးကအရမ်းများတယ် လှိုင်းကြီးတာတွေ ဖြစ်တတ်တယ်” ဟု ဧဒင်ဟိုတယ် အုပ်စုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ငပလီကမ်းခြေဒေသရှိ ဟိုတယ်ဇုံတွင် ယခင်က ကျေးရွာ ငါးရွာအတွင်းရှိရာမှာ ကျေးရွာ ၆ ရွာထပ်မံပေါင်း၍ တိုးချဲ့ လိုက်သည်။

ထို့ပြင် ငပလီကမ်းခြေ ဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျှက် ရှိသည်။ ငပလီလေယဉ်ကွင်းကို ထပ်မံချဲ့ထွင်ခြင်း၊ ငပလီ လမ်းမကို ချဲ့ထွင်ခြင်းများ ပြုလုပ်လျှက်ရှိပြီး အဆိုပါကမ်းခြေသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်နိုင်ရန် မျှော်လင့်ထားသည်။

No comments: