Thursday, June 12, 2014

စစ်အင်အားဖြည့် အပြိုင်အဆိုင်လှုပ်ရှားမှု ရပ်တန့် ပေးရန် မုန်းပေါ် ဒေသခံ များ တောင်းဆို

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင် မြို့နယ် အတွင်းမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား အင်အား အပြိုင် ဖြည့်လှုပ် ရှားနေ မှုကို ရပ်တန့်ပေးဖို့ ဒေသတွင်း ဘုရားကျောင်းများက ဦးဆောင်ပြီး တောင်းဆို လိုက်ပါတယ်။

ဂျွန်လ ၉ ရက်နေ့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်ကို အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်တာ သုံးနှစ်ပြည့်လို့ မုန်းပေါ့ ကချင်နှစ်ချင်းအသင်းတော် ၆ ပါးက မူဆယ်ရောက် စစ်ဘေးရှောင် မုန်းပေါ့ဒေသခံ နဲ့ အတူ အမှတ်တရ ဆုတောင်းပွဲလုပ်ပြီး - အဘက်ဘက်က စစ်အင်အားလျှော့ချပြီး တိုက်ပွဲတွေရပ်တန့်ပေးဖို့၊ ခရစ်ယာန်အသင်း တော်နဲ့ သင်းအုပ်ဆရာတွေအပေါ် စစ်အင်အားနဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာကို ရပ်တန့်ဖို့၊ လက်နက်အားကိုးနဲ့ မုန်းပေါ့ဒေသခံအပေါ် စိုးမိုးချုပ်ချယ်မှု အလိုမရှိ၊ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အစိုးရ ဘက်က လက်တွဲကူညီပေးဖို့ စတဲ့ အချက် ၆ ချက်ပါတဲ့ ထုတ်ပြန်ကြေငြာချက်ကိုလဲထုတ်ပြန်တောင်းဆို ခဲ့ပါတယ်။

``မုန်းပေါ့ ဇုန်မှာ တပ်မတော်အစိုးရက ဒီလိုစစ်အင်အားအလုံးအရင်းနဲ့ လာထိုးနေတယ်။ ဒီဘက် ကလဲ တပ်ပေါင်းစု ဖြစ်တဲ့ ကိုးကန့်တို့ ၀ တို့ စစ်ကြောင်းတော်တော်များများ ရှိနေတယ်။ အဲဒါကို တတ်နိုင် သလောက်လျှော့ချပေးပါ။ ကျနော်တို့ မုန်းပေါ့ပြည်သူလူထု ဟာဆိုရင် စစ်ကိုလုံးဝ မလိုလားတော့ ပါဘူး၊ ကျနော်တို့ ဘိုးဘွားပိုင် လယ်ယာမြေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ခွင့်ပေးပါ´´ ဟု မုန်းပေါ်က ကချင်ဘဲပ်တစ်ကွန် ဗင်းရှင်း အသင်းဝင် သင်းအုပ်ဆရာတဦးက ပြောပါတယ်။

တနင်္လာနေ့က မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းပေါ့ကျေးရွာအုပ်စုမှာ အတွင်းမှာ အစိုးရတပ် နဲ့ တိုင်းရင်း လက်နက်ကိုင်အုပ်စုအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံနေရကြောင်း မိုင်းပေါ်ဒေသခံ စစ်ဘေးဒုက္ခသည်တဦးက ရှမ်းစကားနဲ့ အခုလိုပြောပါတယ်။

``ကျနော်တို့ မုန်းပေါ့မှာ ဗမာ့တပ်မတော် နဲ့ ကေအိုင်အိုတို့ မကြာခဏတိုက်ပွဲဖြစ်တယ်။ ကေအိုင်အို စစ်ကြောင်း သွားလာတာများတယ်။ အစိုးရတပ်မတော်ဘက်ကလဲအင်အားဖြည့်လာနေတယ်။ စစ်သားဆို ကျနော်တို့ အရမ်းကြောက်တာ။ ခြံသွားမလုပ်ရဲဘူး။ ပေါ်တာဖမ်းတယ်။ မိန်းခလေးဆိုလဲ မုဒိန်းကျင့်ခံရတယ် ဆိုတဲ့သတင်းထွက်နေတယ်။ ပြီးခဲ့သုံးလေးရက်ကဆို ကျနော်တို့ရွာက အမျိုးသားတယောက် ဗမာစစ်တပ်ဖမ်း သွားတာ ပြန်လာတော့ အဝတ်တွေပါမလာဘူး ။ ကိုယ်လုံးတီးနဲ့။ ဘာလို့လဲမသိဘူး။ မေးလဲမဖြေဘူး´´
``အစိုးရဘက်က ဒုတပ်ရင်းမှူးခြုံခိုတိုက်ခိုက်ခံရတော့ စစ်အင်အားတွေ အစိုးရဘက်က ပိုပို့လာတယ်။ တိုက်ပွဲ တွေ ပိုမိုပြင်းထန်လာတဲ့သဘော။ သံလွင်အနောက်ခြမ်း၊ သိန္နီ - ကွန်လုံ ကားလမ်း မြောက် ဘက်ခြမ်း၊ သိန္နီ - မူစယ်ကားလမ်း အရှေ့ဘက်ခြမ်း ကြားဒေသတွေမှာ ရှိရင်းစွဲ အစိုးရတပ်က တပ်ရင်း ၂၀ ထက်မနည်းဘူး။ တပ်မ ၇၇ ၊ ၈၈၊ စကခ ၁၆ လက်အောက်ခံတပ်တွေ၊ ဒကစ လောက်ကိုင် လက် အောက်ခံတွေပေါ့၊ ထပ်လာ တာလဲရှိသေး။ ကျနော်တို့ ဘက်ကတော့ တပ်ပေါင်း စု ဆိုတော့ ရှမ်း ပလောင် ကချင်၊ ၀ ၊ ကိုးကန့် ပါရှိတယ်´´ လို့ သျှမ်းတပ်မှူး တဦးဖြစ်တဲ့ စိုင်းခမ်းခေး ကပြောပါတယ်။

No comments: