မောင်သင်တုန်း
မြန်မာနိုင်ငံရှိ ကျူးကျော်များကို မြို့သစ်ကွက်များဖော်ထုတ်ပြီး ယာယီနေရာချထားပေးနိုင်ရန် အတွက် အစီအမံများကို ၂ဝ၁၅ ခုနှစ်မကုန်မီ အပြီးဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဇွန်လ ၁၁ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် အများဆုံးကြုံတွေ့ရသည့် ပြဿနာများအနက် ကျူးကျော်အိမ်ယာများကို အင်အားသုံး ဖယ်ရှားခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက မေးခွန်းမေမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
"ကျူးကျော်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြို့သစ်များမှာ ယာယီနေရာချထားပေးရေးအတွက် တိုင်းဒေသကြီးများ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ပြီးတော့ ၂ဝ၁၅ ခုနှစ် မကုန်ခင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးစိုးတင့်က ကတိပြုပြောကြားလိုက်သည်။
အစိုးရဌာနဆိုင်ရာနှင့် တပ်ပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သည့် ပြည်သူများကို အင်းအားသုံးဖယ်ရှားမှုများကို ၂ဝ၁၃၊ ၂ဝ၁၄ခုနှစ်အတွင်း ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်း၌ အင်းစိန်းမီးရထားဝန်း အတွင်း နှစ်ပေါင်းနှစ်ဆယ်ခန့် နေထိုင်ခဲ့သည် ကျူးကျော်များကို ဖယ်ခြားခြင်း၊ မိကျောင်းကန်ဒေသနေ အိမ်များဖယ်ရှားခြင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ ကျူးကျော်များကို ဖယ်ရှားခြင်း၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်မြစ်ကမ်းနံဘေးရှိ ကျူးကျော်တဲများကို ဖယ်ရှားခဲ့ခြင်းများ အပါအဝင် အခြားသောပုဂ္ဂလိကပိုင် နေရာများတွင်လည်း ဖယ်ရှားလျက်ရှိသည်။
"ကျူးကျော်အိမ်ထောင်စုများကို အတုအစစ်မခွဲခြားဘဲ အင်းအားသုံးဖယ်ရှားခြင်းဖြင့်တော့ နိုင်ငံလူ့အဖွဲ့အစည်းသို့ မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်များ သက်ရောက်လာနိုင်ပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးထဲတွင် ကျူးကျော်နေထိုင်သူ အိမ်ခြေပေါင်း ခြောက်သောင်းကျော်ရှိပြီး ငါးထောင်ကျော်ကို ဖယ်ရှားရှင်းလင်းထားပြီးဖြစ်သည်။ တိုင်းဒေသကြီး၏ လူဦးရေ ဆယ်ရာခိုင်းနှုန်းခန့် လူဦးရေအားဖြင့် ခြောက်သိန်းခန့် ကျူးကျော်အဖြစ် နေထိုင်လျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော် အစီရင်ခံစာအရသိရသည်။
"ဖျက်ရှင်းမှုအစား ဖြေရှင်းမှုဖြင့်ဆောင်ရွက်သင့်တယ်”ဟု သူရဦးအောင်ကိုက လွှတ်တော်တွင် ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကျူးကျော်နေထိုင်သူများကို ၁၉၅၈ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်များတွင် မြို့သစ်ကွက်များ ဖော်ထုတ်ပြီး နေရာချထားပေးမှုများ ဆောင်ရွက်ခဲ့သည်။ လူဦးရေ တစ်သိန်းအထက်ရှိသည့် စီးပွားရေးနှင့် အုပ်ချူပ်ရေးဆိုင်ရာ အရေးပါသော မြို့ကြီး ၅၆ ကို မြို့ပြစီးမံကိန်းများ ရေးဆွဲ လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ပြောဆိုခဲ့သည်။
No comments:
Post a Comment