စည်သူမောင်မောင်
ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ဇွန်လ ၂ရက်က ပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုကြောင်း ဇွန်လ ၁ရက် ည၈နာရီခွဲကမှ အကြောင်းပြန်ခဲ့သည့်အတွက် ဆွေးနွေးပွဲကို မီးသတ်ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ရသည်။
“ကျွန်တော် တို့ အမြင်တော့ အခုလိုလုပ်တာ သူတို့ ဖွဲ့ စည်းပုံပါ နိုငံသားအခွင့်အရေးကို ဆန်ကျင်နေသလိုဖြစ်နေတယ်၊ ဖွဲ့ စည်းပုံဆွေးနွေးပွဲ တစ်ခု ပြည်သူတွေ သိအောင်လုပ်တာလေ၊ သူတို့ မှာ ရည်ရွယ်ချက်ရှိရှိလုပ်တာပါ၊ မနက်လုပ်မယ့် ပွဲကို ည ၈နာရီကျော်မှာ ခွင့်မပြုဘူးခေါ်ပြောတာပါ၊ အခက်အခဲဖြစ်အောင် လုပ်လိုက်တာပါ”ဟု ဆွေးနွေးပွဲ စီစဉ်သူ ဦးသော်ဇင်အုန်းက မဇ္ဈိမကို ပြောသည်။
ယင်းသို့ အနီးကပ်မှ ခွင့်ပြုမိန့်မပေးသည့်အတွက် ခွင့်မပြုပါက ညတွင်းချင်း ဆန္ဒထုတ်ဖော်ပြီး နံနက်ပိုင်းတွင်လည်း ဆွေးနွေးပွဲကို လမ်းပေါ်၌ပင် လုပ်မည်ဆိုသောကြောင့် ရေကြည်မြို့ မီးသတ်ရုပ်ရှင်ရုံတွင် ခွင့်ပြုခဲ့သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်လူ့အဖွဲ့အစည်း ပရဟိတအဖွဲ့က ဦးနိုင်ဝင်းက မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲကို ယခင်က ရေကြည်မြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ထိုသို့ ဆွေးနွေးပွဲကို ခွင့်မပြုခြင်းနှင့် နေရာပြောင်း လုပ်ရခြင်းအပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြည်သူရရှိမည့် အသိပညာကို သိခွင့်မရအောင် နှောက်ယှက်ခြင်းဖြစ်သည်ဟု ဝေဖန်လိုက်သည်။
“ဖွဲ့ စည်းပုံပါ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိအောင်လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်တယ်၊ ပြည်သူတွေ ဥပဒေနဲ့ ပတ်သက်ပြီးမသိဘူး၊ အသိပညာပေးတာကို အနှောင့်အယှက် တစ်ခုခု ဖြစ်အောင်လုပ်လိုက်တာပါ၊ လုပ်သင့်လုပ်ထိုက်တာလည်း မဟုတ်ဘူး၊ သဘာဝလည်း မကျဘူး”ဟု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ရေကြည်မြို့၊ မီးသတ်ရုပ်ရှင်ရုံတွင် ဇွန်လ ၂ရက်က ပြုလုပ်ခဲ့ပြီး ဒေါက်တာရန်မျိုးသိမ်း၊ ဦးလှမျိုးနောင်နှင့် ကိုဇေယျတို့က ဆွေးနွေးဟောပြောခဲ့သည်။ ဆွေးနွေးပွဲသို့  ပြည်သူများအပြင်၊ ဌာနဆိုင်ရာများကိုလည်း ဖိတ်ကြားခဲ့သည်။
No comments:
Post a Comment