ABC
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကနေ သတိပေးစာ ပေးပို့ခဲ့တာနဲ့ ပက်သက်ပြီး ဒါဟာ ဥပဒေနဲ့ သင့်လျော်မှု မရှိကြောင်း NLD ပါတီဘက်က တုန့်ပြန် လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မန္တလေးမြို့ ဟောပြောပွဲ အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြု ထား တဲ့ ဘောင် ကို ကျော် လွန် ရာ ရောက် တယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို မေလ ၂၂ ရက်နေ့က သတိပေးစာ တစ်စောင် ပေးပို့ခဲ့တာဖြစ်ပါတယ်။
မနေ့က ထုတ်ပြန် လိုက်တဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက်နဲ့ ပက် သက် ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို ပြောပြပါတယ်။
“ပြည်သူတို့ရဲ့ ယုံကြည်အားကိုး ပြီးတော့ ဂုဏ်သိက္ခာများတဲ့ တပ်မတော် ဖြစ်ရေးအတွက် ကောင်းသော ရည်ရွယ်ချက်နဲ့ ပြောတာ ကျွန်တော်တို့ လုပ်တာကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြဌာန်းချက်နဲ့ အညီလုပ်တာ။ လွှတ်တော်အတွင်း ပါဝင်သော တပ်မတော်သား ကိုယ်စားလှယ်များကို ပြောတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောထားတယ်။ အမှန်က ဒေါ်အောင်ဆန်းစုကြည် ပြောတာက အဲဒီ လွှတ်တော် အတွင်းပါဝင်သော တပ်မသား ကိုယ်စားလှယ်များကို ဆိုတဲ့စကားက အဲဒီ ကျွန်ပ်တွေက အာဏာမက်မောလို့ ဆိုတဲ့ ရှေ့မှာ ပါကို မပါဘူး။ အဲဒီ ရှေ့မှာ ပါတာက ကျွန်မတို့ တပ်မတော်က အမှန်တရားကို ရင်ဆိုင်ရပါမယ်။ ရင်ဆိုင်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ လူထုအတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်းကနေပြီးတော့ ကျွန်မတို့တွေ ပြင်ဆင်သွားမယ်၊ အဲဒီစကားကို စွပ်စွဲတာကတော့ ဝင်ရောက်သတိပေးတာက လုံးဝ သင့်လျော်ခြင်း မရှိလို့ ဒီကော်မရှင် အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လို့ ဒါကို မသင့်လျော်ဘူးလို့။”
NLD ပါတီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ နိုင်ငံရေး ပါတီတွေကို ကြီးကြပ်ခြင်းနဲ့ ကြီးကြပ်စေခြင်း တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ အညီသာ ဆောင်ရွက်ခွင့်ရှိပြီး ဥပဒေပြဋ္ဌာန်းချက်မှာ မပါတဲ့ တာဝန်တွေကို ဆောင်ရွက်ခွင့် မရှိဘူးလို့လည်း ပါရှိပါတယ်။
အခုချိန်မှာတော့ ကြေညာချက်သာ ထုတ်ပြန်သွားမှာ ဖြစ်ပြီး နောက်လာမယ့် အစည်းအဝေးတွေမှာ ဆက်လက်တုန့်ပြန်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ဦးဝင်းမြင့်က ပြောတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment