Monday, June 16, 2014

ယာဉ်နှစ်ဆင့်တိုက်ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ယာဉ်မောင်းကို မူးယစ်ဆေးသုံး၊ မသုံး ဆေးစစ်ထား

ဖြိုး

ယာဉ်နှစ်ဆင့်တိုက်ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ယာဉ်မောင်းကို မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊ မရှိ မူးယစ်ဆေးစွဲဆေးရုံတွင် ဆေးစစ်ထားကြောင်း ဆေးသုံးစွဲထားပါက မူးယစ်ဆေးဝါးအမှုနှင့် ထပ်မံအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းအမှတ်(၁၁)၊ယာဉ်ထိန်းဒု-တပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကိုက ပြောသည်။

“ဒီယာဉ်တိုက်မှုဖြစ်စဉ်ရဲ့အဓိက အရက်သောက်ပြီး ကားမောင်းတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ ကျွမ်းကျင် ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်မောင်းတယ်။ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာလည်း ဘေးမှာဝိုင်းအုံကြည့်နေတဲ့ လူအုပ်လည်းရှိတယ်။ ယာဉ်မောင်းက မချေမငံနဲ့ပြောဆိုတာတွေရှိတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ညတွင်းပဲ သူ့ကိုစခန်းမှာ ထိန်းသိမ်းလိုက်ပါတယ်။ ပြီးတော့အင်တာနက်မှာ တွေ့နေတဲ့ အက်ရှင်ကား ဆန်ဆန်ယာဉ်မောင်းကို ဖမ်းတာမျိုးလည်း မဟုတ်ပါဘူး။ သူဟာသူ ကြောက်အား လန့်အားနဲ့ထွက်ပြေးရင်း ရှေ့က မောင်းနေတဲ့ကားကို ထပ်တိုက်မိတာပါ”ဟု ရဲမှူးသိန်းကိုကိုက ဖြစ်စဉ်အကျဉ်းကို ရှင်းပြသည်။

ဇွန်လ ၉ ရက်၊ ည ၁၀ နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းအတိုင်း မြောက်ဘက်မှ တောင် ဘက်သို့ မောင်းနှင်လာသည့် 4 Wheel Extra အမျိုးအစား ခဲရောင်ယာဉ်သည် ရှေ့တွင်ယာဉ်ကြောတူ မောင်းနှင်နေသည့်မော်တော်ဆိုင်ကယ်ကို ၀င်တိုက်ပြီး မော်တော်ဆိုင်ကယ်မောင်း နှင်သူအမျိုးသမီးက နေရာတွင် လွှင့်ထွက်ကာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး၊ ဆိုင်ကယ်နောက်တွင်ပါလာသူ အသက် ၁၂ နှစ်အရွယ်မိန်းကလေးမှာ ဖြစ်စဉ်ဖြစ်ပွားသည့်ကားနှင့် တစ်ဖာလုံခန့် ချိတ်ပါပြီး သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင်ယာဉ်မောင်းသည် အသက်နှစ်ဆယ်ခန့်သာရှိပြီး ၄င်းကိုင်ဆောင်မောင်းနှင်သည့် ယာဉ် မောင်းလိုင်စင်သည်သင်မောင်းလိုင်စင်သာ ဖြစ်သည်။

ဖြစ်စဉ်မဖြစ်ခင်က ယာဉ်မောင်းသည် ၎င်း၏သူငယ်ချင်းမွေးနေ့ဖြစ်၍အရက် သေစာသောက်စားထားပြီး မောင်းနှင်ခြင်းကြောင့် လီဗာနှင့်ဘရိတ်မှားနင်းခြင်းဖြစ်သည်ဟု ယူဆသည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ကြောက်လန့်တကြားမောင်းနှင်ထွက်ပြေး၍ရှေ့တွင် မောင်းနှင်လာသည့် Crown ကားကို ကျော်အတက်၌ ရှေ့မီးနှင့်ချိတ်မိကာထွက်ပြေးသည့်4 Wheel Extra ယာဉ်တိမ်းမှောက် သွားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ယာဉ်တိမ်းမှောက်သွားပြီးနောက် ၎င်းကို ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ပြီး ယာဉ်မောင်းနှင်စဉ်တွင် အရက်သေစာ သောက်စားထားခြင်းကြောင့်လုပ်ထုံးလုပ်နည်းအရ ဆေးစာဖြင့်စစ်ချက်ထွက်ရှိခဲ့ပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိ၊မရှိကို ထပ်မံစစ်ဆေးခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွက် ပ/၁၅/၂၀၁၄၊၃၀၄(က)၃၃၈ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲထားပါက မူးယစ်ဆေးဝါးမှုနှင့် အမှုဖွင့်အရေးယူကာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးသိန်းကိုကိုက ပြောသည်။

No comments: