Monday, June 23, 2014

လက်ပံတန်းမြို့နယ် ဗုဒ္ဓမြတ်စွယ်တော်သာသနာ့မြေ ကျူးကျော်များကို အုပ်ချုပ်ရေးမှူးက တရားစွဲ

ကြည်ဆုသာ

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းရွာမ နိကြေဓာရုံကျောင်းအနီး၊ ဗုဒ္ဓမြတ်စွယ်တော် သာသနာ့မြေ (၃.ဝ၅)ဧကကို ဦးချစ်အောင်၊ ဦးအောင်ပွင့်(ခ)ဦးအောင်မြင့် အပါဝင် အဖွဲ့များက ဘုရားဂေါပက အဖွဲ့၏ ခွင့်ပြုချက်တောင်းခံမှုမရှိဘဲ ကျူးကျော်ဝင်ရောက်နေ၍ လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသော်လည်း ၎င်းအနေဖြင့် ဆောင်ရွက်မပေးနိုင်၍ ကျူးကျော်သူများကို လက်ပံတန်းမြို့နယ် တရားရုံးတွင် တရားစွဲထားသည်ဟု လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်ကတော့ ဘာသာရေးဖြစ်လို့ ဘာမှမလုပ်ချင်ပါဘူး တစ်ဘက်ကိုလည်း ခေါ်ယူသတိပေးပေမယ့် လိုက်နာမှုမရှိလို့ တရားဥပဒေအရပဲ စကားပြောတော့လို့ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရွာမ ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့ကို ပြောထားပါတယ်" ဟု လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟက ပြောသည်။

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းရွာမ၊ နိကြေဓါရုံကျောင်းအနီး၊ ဗုဒ္ဓမြတ်စွယ်တော်သာသနာ့မြေ ကျူးကျော်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ဆောင်ပေးနိုင်ခြင်း မရှိ၍ နယ်မြေကျုးကျော်မှုဖြင့် ၂ဝ၁၄ခုနှစ်၊ ဇွန်၉ရက်တွင် ပုဒ်မ-၅၆၉ဖြင့် လက်ပံတန်းမြို့နယ်တရားရုံးက တရားစွဲဆိုထားသည်။

ဗုဒ္ဓမြတ်စွယ်တော် ဂေါပကအဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးစန်းမောင်က "ကျွန်တော်တို့က ဗုဒ္ဓမြတ်စွယ်တော်နယ်မြေကို ကျူးကျော်မှုနဲ့ ဇီးဖြူကုန်းရွာမ အုပ်ချုပ်ရေးမှုး၊ လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးတွေကို အဆင့်ဆင့် သာသနာ့နယ်မြေ မထိခိုက်စေဖို့ကို စာတင်ပြီး တိုင်ကြားအကူအညီတောင်းထားပေမယ့် ထူးခြားမှုမရှိသလို တစ်ဘက်ကလည်း ထွက်မသွားသေးဘူး"ဟု မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းရွာမ၊ နိကြေဓါရုံကျောင်းအနီး၊ ဗုဒ္ဓမြတ်စွယ်တော်သာသနာ့နယ်ကို ကျူးကျော်သည်မှာ ယခုအကြိမ်သည် လေးကြိမ်မြောက် ရှိပြီဖြစ်ပြီး ဇီးဖြူကုန်းရွာမရှိ ကျေးရွားသူ၊ ကျေးရွာသားများ၊ နိကြေဓါရုံကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဦးကဝိဒဇ တို့ကလည်း ဗုဒ္ဓမြတ်စွယ်တော်နယ်မြေ အတွက် ပူပန်လျက်ရှိကြသည်။

No comments: