နေထူး၊ ဦးမြာ
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူး ကျေးရွာတွင် ဖြစ်ပွားခဲ့သော ထွန်တုံးတိုက်ပွဲအား ဦးဆောင်သူ ဓမ္မဆရာခူးသဲရယ်အား ပြည်နယ်ရဲမှူးကြီးမှ တရားစွဲဆိုသွားမည်ဖြစ်သည့်အတွက် ဒီကနေ့ (ဇွန်လ ၁၇ရက်နေ့) နံနက်တွင် ပြည်နယ်သာသနာရေးမှူးရုံး မှ ခေါ်တွေ့ကြောင်း သတင်းရရှိသည်။
လွိုင်ကော်မြို့ ပြည်နယ်သာသနာရေးမှူးရုံးမှ ၎င်းကို ခေါ်ယူတွေ့ဆုံရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ဓမ္မဆရာခူးသဲရယ်က
"ဒီပြည်နယ်ရဲမှုးကြီးကနေပြီးတော့ ကျနော်ကို တရားစွဲမယ်ဆိုတဲ့အကြောင်းပေါ့။ တရားစွဲမဲ့အကြောင်းကတော့ ဒီဆိုလျားကူး လယ်ယာမြေပြန်လည်ထွန်ယက်တဲ့နေရာမှာ ကျနော်ကနေပြီးတော့မှ ဓမ္မဆရာတစ်ယောက်အနေနဲ့ ပြီးတော့ဒီဆိုလျားကူးကို ဦးဆောင်ပြီးဒီ ၅၃၁ တပ်ကသိမ်းတဲ့မြေမှာ ကျနော်ကလာဦးဆောင်ပြီး ထွန်ယက်စိုက်ပျိုးတယ်ဆိုတဲ့အမှုပေါ့။ အဲဒါကျနော် တကယ်ပါဝင်တာဟုတ်မဟုတ်သေသေချာချာသိချင်လို့ ဒီသာသနာရုံးကနေပြီးတော့ ကျနော်ကိုခေါ်လာတာဖြစ်ပါတယ်"
အဆိုပါ ပြည်နယ် သာသနာရေးမှူးရုံးမှ ဓမ္မဆရာခူးသဲရယ်နှင့်လိုက်ပါလာကြသော ဆိုးလျားကူးဒေသခံ ၁၅ဦးအားရုံးတွင်းသို့ဝင်ရောက် နားထောင်ခွင့်မပြုဘဲ ဆရာသဲရယ်တဦးကိုသာ ၀င်ခွင့်ပေးခဲ့သည်။
ဓမ္မဆရာတဦးအနေဖြင့် လူမှုရေးကိစ္စတွင် ပါဝင်ပတ်သက်မှုဖြင့်အရေးယူပေးရန် ပြည်နယ်သာသနာရေးမှူးရုံးမှ ကက်သလစ် သာသနာ့အကျိုးတော်ဆောင် အဖွဲ့အားတောင်းဆိုထားသော်လည်း အကြီးအကဲ ဆရာတော်များခရီးလွန်နေသည့်အတွက် ဘုန်းတော်ကြီးထံမှ ရရှိထားသောမှတ်ချက်အား ဆရာသဲရယ်က ယခုလိုရှင်းပြသည်။
"ကျနော်တို့ဒီနေရာမှာ ဓမ္မဆရာဆိုတာကလည်း ထမင်းစားတယ် တောင်ယာလုပ်တယ် ဆိုတဲ့ပုံစံမျိုးဘဲပေါ့။ သူတို့ကလည်းကျနော်တို့ အပေါ်မှာ ဘာမှအရေးယူနိုင်တဲ့ ပြစ်မှုမရှိဘူးပေါ့။ ဒီလိုမျိုးကိုယ့်တောင်ယာကို ပြန်လည်စိုက်ပျိုးတယ် ပြန်လည်ထွန်ယက်တယ်ဆိုတာကတော့ သူတို့အနေနဲ့ဘာမှ အရေးယူပိုင်ခွင့်မရှိဘူးပေါ့။ ဒါပေမဲ့ ဒီလိုဆူပူအုံကြွတာကတော့ သူတို့ကမကြိုက်ဘူးပေါ့။ ဥပဒေလမ်းကြောင်းအတိုင်း သွားမယ် ပြန်လိုချင်တယ်ဆိုရင်လည်း ဥပဒေလမ်းကြောင်းအတိုင်းပြန်ယူပါလို့တော့ ကျနော်တို့ကို လမ်းညွန် သတိပေးတာပေါ့"
ဖရူဆိုမြို့ ဆိုလျားကူးဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေ ဧက ၁၃၀၀ ခန့်ကို ခမရ ၅၃၁တပ်မှ ၁၉၉၃ခုနှစ်က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေယာပေါ်တွင် ပြန်လှည်စိုက်ပျိုးစားသောက်နိုင်ရန် မေလ ၂၇ရက်နေ့က ဒေသခံပြည်သူ ၃၀၀ခန့် ထွန်တုံးတိုက်ပွဲစတင်ဆင်နွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒဖေါ်ထုတ်မှုမှာ ခွင့်ပြုချက်မရသည့်အတွက် ဦးဆောင်လုပ်ရှားသူအား ရဲမှတရားဆွဲဆိုရန် ယခုလိုခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်။

No comments:
Post a Comment