Monday, June 23, 2014

ပီနန်ဆရာတော်နှင့် တရားစွဲခံထားရသည့် သံဃာငါးပါး အန္တရာယ်ကင်းရေး ဆုတောင်းပွဲလုပ်မည်

နန်းမြင့်

ပီနန်ဆရာတော်နှင့် တရားရင်ဆိုင်နေရသည့် သံဃာငါးပါး အန္တရာယ်ကင်းရှင်းစေရေး ကရင်ပြည်နယ်ရှိ သေဌမာန်အောင် ဘုရားကြီးဝင်း၌သံဃာတော်များ နှင့် ဧည့်ပရိသတ် ၁ဝဝဝခန့်ဖြင့် ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်မည်ဟု ဦးဆောင်သူ မြန်မာနိုင်ငံ စာရေးဆရာအသင်း မှ စာရေးဆရာမ ဒေါ်ဆုလာဘ်နွယ်က မဇ္ဈိမကို ပြောသည်။

ပီနန်ဆရာတော် ဦးပညာဝံသသည် ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို ဦးဆောင်နေသူ ဖြစ်သည့်အတွက် ဆရာတော်ကြီး၏ ကျေးဇူးကို သတိရလွမ်းဆွတ်သည့် အနေဖြင့် ဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဇွဲကပင်တောင် အကျိုးပြုတဲ့ ဆရာတော်ကြီးနဲ့ ဆရာတော်တွေအတွက် ဒကာ၊ ဒကာမတွေက မေတ္တာပို့သတဲ့ ဆုတောင်းပွဲဖြစ်တယ်။ အဲဒီအတွက်လည်း ခွင့်ပြုမိန့် တင်ထားပါတယ်” ဟု ပြောသည်။

အဆိုပါ မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်ရန် ခွင့်ပြုမိန့်ကို ဇွန် ၂ဝရက်က တင်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသည့် ပီနန်ဆရာတော် ဦးပညာဝံသနှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂ဝ/၉ဝနှင့် သာသနာညှိးနွမ်းစေမှု ပုဒ်မ-၂၉၅(က)တို့ သာသနာရေး ဝန်ကြီးဦးစီးဌာန မဟာသံဃာနာယကအဖွဲ့မှ တရားလိုပြု၍ တရားစွဲဆိုခဲ့သော အင်္ဂလန် ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးတေဇိန္န၊ ဦးသုန္နာသီရိ နှင့် ဦးနန္ဒိရတို့အတွက် အန္တရာယ်ကင်း မေတ္တာပို့ဆု တောင်းကြမည်ဖြစ်သည်။

ပီနန်ဆရာတော် ဦးပညာဝံသမှာ ဇွန်လ ၅ရက်မှ စတင်ကာ ဂျပန်နိုင်ငံသို့ သာသနာပြုခရီးထွက်ကြွချီခဲ့ပြီး ဇွန်လ ၁ဝရက် ည ၁၁နာရီတွင် မဟာသန္တိသုခကျောင်းတိုက်သို့ သာသနာရေးဦးစီးဌာန နှင့် အာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ချိတ်ပိတ်ခဲ့သည်။ ဇွန်လ ၁၃ရက်က လန်ဒါန်ဆရာတော် အပါအဝင် သံဃာငါးပါးကို အတင်းလူဝတ်လဲ ဖမ်းဆီးကာ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့သည်။

လူဝတ်လဲကာ တရားစွဲဆိုခံထားသည့် သံဃာငါးပါးကို ဇွန်လ၂ဝရက်က တာမွေမြို့နယ် တရားရုံးမှ အာမခံပေးခဲ့သဖြင့် ထိုနေ့တွင် သင်္ကန်းပြန်စီးလိုက်ပြီဖြစ်သည်။

No comments: