ကေဇူး
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် သံသယရှိသူများအဖြစ် ဖမ်းဆီးထားသူများ အနက် ၁၃ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်ဟု သံတွဲခရိုင် ရဲမှူးကြီး ကံဝင်းက ပြောသည်။
“စွဲချက် မတင်တော့ဘဲ ဒီနေ့ ပြန်လွှတ်လိုက်ဖို့ ခရိုင်တရားသူကြီးက အမိန့်ချပါတယ်" ဟု ရဲမှူးကြီးကံဝင်းက ဆိုသည်။
သံတွဲ ပဋိပက္ခတွင် ပါဝင်သူဟု စွပ်စွဲခံရပြီး ဖမ်းဆီးစစ်ဆေးသူ ၃၄ ဦးအနက် ဖေဖော်ဝါရီအတွင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၁၁ ဦးလွတ်မြောက်ခဲ့ပြီး ယခု ဇွန်လ ၁၆ ရက်တွင် ၁၃ ဦးထပ်မံလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
လွတ်မြောက်လာသူများတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၁၂ ဦးပါဝင်သည်။
အဆိုပါ လွတ်မြောက်လာသူများသည် သံတွဲမြို့နယ် ဆင်ခေါင်းနှင့် သပြုချိုင်ကျေးရွာများမှ ဖမ်းဆီးထားသူများဖြစ်ပြီး သံတွဲ အကျဉ်းထောင်တွင် ကိုးလကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူများဖြစ်သည်။
လွတ်မြောက်လာသူ တစ်ဦးဖြစ်သူ မဦးစမ်းရီက "မိသားစုနဲ့ ခွဲခွာပြီး ထောင်ထဲမှာ နေရတာ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ အတွက် အရာရာ နှောင့်နှေးပါတယ်၊ သားစဉ်မြေးဆက်အထိ ထောင်ထွက်ဆိုတာမျိုး ပြောခံရမယ်။ အခြားနစ်နာမှုတွေလည်း အများကြီးပဲ။ ပြဿနာဖြစ်တဲ့ အခါမှ တွေတဲ့သူကိုဖမ်းပြပြီး လတွေအကြာကြီး စစ်ဆေးပြီးမှ မဟုတ်ဘူးဆိုပြီး ပြန်လွှတ်တဲ့အတွက် နစ်နာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ခဲ့သည့် သံတွဲပဋိပက္ခတွင် နှစ်ဖက် အဖွဲ့အစည်းမှ လူခုနစ်ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၂ စု မီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
No comments:
Post a Comment