စိုးသန်းလင်း
ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ဦးဆောင်သည့်အဖွဲ့သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် လွှတ်တော်တွင် ဇွန်လ ၅ ရက်က တွေ့ဆုံခဲ့ကြပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လွှတ်တော်ကပူးပေါင်းပါဝင်လာရန် တိုက်တွန်းခဲ့သည်ဟု ကေအင်န်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
“မိတ်ဆက်တဲ့သဘောလည်းဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းမှာလွှတ်တော်ဥက္ကဋ္ဌ ကြီးအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ လာရောက်တင်ပြတာဖြစ်ပါတယ်”ဟု ဖဒိုမန်း ငြိမ်းမောင်က ပြောသည်။
ကေအင်န်ယူအဖွဲ့အနေဖြင့် နေပြည်တော်သို့ အကြိမ်ကြိမ်ရောက်ရှိကာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း လွှတ်တော်သို့ဝင်ရောက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကနှင့် တွေ့ဆုံခြင်းကမူ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။
“ဒီနေ့ခေတ်ကာလက ရန်သူကို မိတ်ဆွေအဖြစ် ကူးပြောင်းရတဲ့အခြေအနေပဲ။ ပဋိပက္ခတွေ အမြင်မတူတာတွေကို တွေ့ဆုံဆွေးနွေးမှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ သွားမယ်ဆိုရင် ဖြစ်တဲ့အကြောင်း၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကုန်လုံး ၀ိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ကြောင်း ဆွေးနွေးဖြစ်ပါတယ်” ဟုလည်း ပြောသည်။
ထို့ပြင် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း စစ်ဒဏ်ခံခဲ့ရသော ကရင်လူမျိုးတို့က စစ်ကို မလိုလားပါကြောင်း၊ စစ်ပွဲနှင့် ပဋိပက္ခများတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသော မိမိတို့သည် ပို၍ပင် မလိုလားတော့ကြောင်းနှင့် ငြိမ်းချမ်းရေးကို လွန်စွာလိုလားပါကြောင်းလည်း ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
“နှစ်ပေါင်း ၆၀ ကျော်တိုက်ပွဲဝင်လာခဲ့ တာက ငြိမ်းချမ်းရေးမရခဲ့ဘူး။ အခုလို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း ကို သွားမှသာရမယ်လို့ယုံကြည်တယ်။ ယုံကြည်လို့လဲ အခုလိုလုပ်တာပါ” ဟု ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ပြီးငြိမ်းချမ်းရေးဖော်ဆောင်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မ တီနှင့် လုပ်ငန်းကော်မတီစသည့် အဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များ အစိုးရသစ်သက်တမ်းအတွင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် လွှတ်တော်ဘက်မှ ထိထိရောက်ရောက်ပါဝင်ဆွေးနွေးရန် အခွင့်အရေးကောင်း စွာမရခဲ့ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ပြီး ထိထိ ရောက်ရောက်ပြောနိုင်ဖို့အတွက် လွှတ်တော်က ကော်မတီဖွဲ့ပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးမယ်ဆိုရင် အခုထက်ပိုပြီး ထိရောက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မိုင်းရယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် က ပြောသည်။
No comments:
Post a Comment