Sunday, June 8, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို သြဂုတ်လမတိုင်ခင်မှာ လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေ

ABC

တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​စာချုပ်ကို ​လာမယ့် ​သြဂုတ်လ ​၁ ​ရက်နေ့မတိုင်မီ ​လက်မှတ်ထိုးနိုင်ဖို့ ​နဲ့ ​ဒီနှစ်မကုန်မီမှာ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​စနိုင်ဖို့အတွက် ​နိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန် ​နဲ့ ​KNU ​ထိပ်ပိုင်းခေါင်းဆောင် ​ကြီးတွေဟာ ​ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့တုန်းက ​တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ငြိမ်းချမ်းရေး ​အကျိုးဆောင် ​ဦးလှမောင်ရွှေ ​ကပြောပါတယ်။

“သမ္မတနဲ့ ​တွေ့တာကတော့ ​အဓိကတော့ ​နှစ်ဖက်လုံးမှာ ​သူတို့ ​ရပ်တည်ချက်တူတာကတော့ ​ဒီသြဂုတ်လ ​၁ ​ရက်နေ့မတိုင်မီ ​အပစ်အခတ်လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ​ဒီနှစ်မကုန်မီမှာ ​Political ​Dialogue ​စနိုင်ဖို့အတွက် ​ကြိုးစားသွားကြမယ်။ ​အဲဒါနဲ့ ​ပက်သက်တဲ့ ​ဆွေးနွေးချက်တွေ ​အဓိက ​များပါတယ်။”


အခုလို ​သမ္မတနဲ့ ​KNU ​တို့ ​တွေ့ဆုံတာဟာ ​၅ ​ကြိမ်မြောက်တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ​KNU ​အနေနဲ့ ​ပြည်တွင်းငြိမ်းချမ်းရေး ​လုပ်ငန်းစဉ် ​အတွက် ​တပ်မတော် ​ကာကွယ်ရေး ​ဦးစီးချုပ်နဲ့လည်း ​၆ ​ကြိမ်လောက် ​တွေ့ဆုံမှုတွေ ​ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ​သိရပါတယ်။

တွေ့ဆုံမှုအတွင်း ​အပစ်အခတ်ရပ်စဲရေး ​မူကြမ်းမှာ ​သဘောတူဖို့ ​ကျန်ရှိနေတဲ့အချက်တွေနဲ့ ​ပက်သက်ပြီး ​အမြင်တွေ ​ဖလှယ် ​ခဲ့ကြသလို ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​အတွက် ​ကြိုတင်ပြင်ဆင်ထားသင့်တာတွေကိုလည်း ​ဆွေးနွေးခဲ့ကြတယ်လို့ ​နိုင်ငံတော် ​သမ္မတရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ပြန်ကြားရေး ​ဝန်ကြီး ​ဌာန၊ ​ဒုတိယ ​၀န်ကြီး ​ဦးရဲထွဋ်က ​အခုလို ​ပြောပါတယ်။

“တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​ဆိုင်ရာ ​သဘောတူညီချက် ​လက်မှတ်ထိုးနိုင်ဖို့၊ ​ကျွန်တော်တို့က ​သဘောတူတာ ​၇၀ ​ရာခိုင်နှုန်းလောက်ရှိပြီ ​နောက်ထပ် ​၃၀ ​ရာခိုင်နှုန်းဘဲ ​ကျန်တော့ ​အဲဒါကို ​ဆက်လက်ကျော်လွှားနိုင်ဖို့အတွက် ​သဘောထားတွေ ​အမြင် ​တွေ ​ဖလှယ်တာပေါ့။ ​နောက်ပြီးလို့ရှိရင် ​ကျွန်တော်တို့ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​လုပ်နိုင်ဖို့အတွက် ​ကြိုတင်ပြင်ဆင်ထားသင့် ​တဲ့ ​လုပ်ငန်းတွေ ​ဆွေးနွေးတာပေါ့။”

ဆွေးနွေးပွဲက ​ရလဒ်တွေကတော့ ​ပမာဏ ​အဆင့် ​ဆွေးနွေးမှုဖြစ်တဲ့အတွက် ​ထုတ်ပြန်ဖို့တော့ ​အစီအစဉ် ​မရှိသေးဘူးလို့ ​ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ​KNU ​ရဲ့ ​ထိပ်ပိုင်းခေါင်းဆောင်ကြီး ​အချို့က ​နိုင်ငံတော်သမ္မတဦးသိန်းစိန်အပေါ် ​နောက်တစ်ကြိမ် ​သမ္မတအဖြစ် ​ပြန်လည် ​ရွေးကောက်ခံဖို့ ​တိုက်တွန်းခဲ့တယ်လို့ ​သိရပြီး ​အဲဒီအပေါ်လည်း ​သမ္မတဦးသိန်းစိန်က ​ထည့်သွင်း ​စဉ်းစားသွားမယ်လို့ ​ဦးရဲထွဋ်က ​ဆက်ပြောပြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​KNU ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ​ဆွေးနွေးပွဲမှာ ​KNU ​ဘက်က ​ဥက္ကဌ ​မူတူးစေးဖော၊ ​ဖဒို ​မန်းငြိမ်းမောင်၊ ​ဗိုလ်ချုပ်ကြီး ​စောဂျော်နီ၊ ​နိုင်ငံရေးနဲ့ ​နိုင်ငံတကာအကြံပေး ​ဗိုလ်ချုပ် ​စောတူးတူးလေးအပါအဝင် ​ထိပ်ပိုင်း ​ခေါင်းဆောင် ​အများစု ​ပါဝင်ပါတယ်။

အဆိုပါ ​KNU ​ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ​မနေ့တုန်းကလည်း ​ပြည်ထောင်စုလွှတ်တော် ​နာယက ​ဖြစ်သူ၊ ​ပြည်သူ့လွှတ်တော် ​ဥက္ကဌ ​သူရဦးရွှေမန်းနဲ့လည်း ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ​တွေ့ဆုံ ​ဆွေးနွေးခဲ့ကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

တဆက်တည်းမှာပါပဲ ​မြန်မာအစိုးရနဲ့ ​ကရင်အမျိုးသားအစည်းအရုံးတို့ရဲ့ ​အခုတကြိမ်တွေ့ဆုံမှုနဲ့ ​ပတ်သက်ပြီး ​ဆွေးနွေးချက်တွေနဲ့ ​ရရှိလာတဲ့ ​ရလဒ်တွေကို ​ကရင်လူထုနဲ့ ​အရပ်ဖက် ​အဖွဲ့အစည်း ​တွေကို ​ပွင့်လင်းမြင်သာစွာ ​ချပြပေးဖို့ ​ပြည်တွင်း ​ပြည်ပမှာရှိတဲ့ ​ကရင်အရပ်ဖက် ​အဖွဲ့အစည်းတွေက ​တောင်းဆိုလိုက်တယ်လို့လည်း ​သိရပါတယ်။

No comments: