Saturday, June 7, 2014

ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ကျေးရွာပေါင်း တစ်သောင်းကျော်ကို ငွေကြေးထောက်ပံ့မည်

မို့မို့ကြည်

မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးသော ကျေးရွာတစ်သောင်းကျော်အား ရွေးချယ်၍ ကျေးရွာတစ်ခုလျှင် ငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇွန်လ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကနဦးအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်အတွင်း ကျေးရွာပေါင်း ၁,၁၅၀ ကို ရွေးချယ်၍ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟုလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ ဆင်းရဲမှုရှိခြင်း၊ စီးပွားရေးဖွံဖြိုးမှု အလားအလာရှိခြင်း၊ တည်ငြိမ်အေးချမ်း မှုရှိခြင်း၊ ဒေသဖွံ့ဖြိုးမှုကို စိတ်ပါဝင်စားခြင်းစသည့် အချက်များကို အခြေခံ၍ ကျေးရွာပေါင်း ၁,၁၅၀ ကို ရွေးခြယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ယင်းက ပြောသည်။

“ကျွန်တော်တို့ဌာနကနေ မြို့နယ်တွေကို ငွေပေးထားပေးပြီးပါပြီ။ သက်ဆိုင်ရာကျေးရွာတွေမှာ ကော်မတီအဖွဲ့ ဖွဲ့ပြီးတာနဲ့ ရွာတွေကို ပေးတော့မှာပါ။ ဒီငွေက အတိုးပေးစရာလည်း မလိုဘူး။ ပြန်ဆပ်စရာ လည်းမလိုပါဘူး။ ကျေးရွာတာဝန်ရှိသူတွေက သူတို့ရဲ့ ရွာသူရွာသားတွေကို ပြန်ပြီးထုတ်ချေးနိုင်အောင် ဒီငွေတွေကို ပေးတာဖြစ်ပါတယ်။ ရွာသူ/သားတွေ အနေနဲ့ချေးငွေရယူတဲ့နေရာမှာ အာမခံပစ္စည်းမလိုဘဲ ချေးယူလို့ရပါတယ်။ ဒီငွေက ရွာပိုင်ငွေပါ။ ငွေချေးတဲ့နေရာမှာ အတိုးနှုန်းကို တစ်ကျပ်ခွဲလို့ သတ်မှတ်ပေမယ့် ကျေးရွာချေးငွေကော်မတီက အဆင်ပြေသလို ချေးပေးခွင့်ရှိပါတယ်။ ရတဲ့အတိုး ငွေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရမှာဖြစ်လို့ ကျေးရွာချေးငွေကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ချေးလို့ရပါတယ် ”ဟု လည်း ၎င်းင်းက ပြောသည်။

အဆိုပါချေးငွေနှင့်ပတ်သက်၍ ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦး ဌာနမှညွှန်ကြားရေးမှူး ဦးဌေးဝင်းက “ကျွန်တော်တို့ချင်းပြည်နယ်မှာတော့ ကျေးလက်ဒေသတွေမှာ ကျေးရွာချေးငွေထုတ်ချေးရေးကော်မတီကို ကျေးရွာသားတွေရဲ့  ဆန္ဒနဲ့အညီ ဖွဲ့စည်းနိုင်ဖို့ မဲပေးရွေးခြယ်နေကြပါတယ်။ ကော်မတီဖွဲ့ပြီးရင်တော့ ကျေးရွာတွေကို ငွေထုတ်ပေးတော့မှာပါ။ ၀န်ကြီးဌာနက ကျေးရွာတွေကို ချေးဖို့ပေးထားတဲ့ ငွေတွေကတော့ ကျွန်တော်တို့ဆီပေးပို့ထားပြီးဖြစ်ပါတယ်” ဟု ဇွန်လ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ ရရှိမည့်ကျေး ရွာ ၁,၁၅၀ တွင် ပဲခူးတိုင်းမှ ကျေးရွာပေါင်း ၁၀၅ ရွာ၊ မကွေးတိုင်းမှ ကျေးရွာပေါင်း ၈၃ရွာ၊ စစ်ကိုင်းတိုင်းမှ ကျေးရွာပေါင်း ၁၀၁ ရွာ၊ တနင်္သာရီတိုင်းမှ ကျေးရွာပေါင်း ၂၁ရွာ၊ ရန်ကုန်တိုင်းမှ ကျေးရွာပေါင်း ၉၁ရွာ၊ ရှမ်းပြည်နယ်မှ ကျေးရွာပေါင်း ၂၆၀ရွာ၊ ရခိုင်ပြည်နယ်မှ ကျေးရွာပေါင်း ၆၂ ရွာ၊ ကယားပြည်နယ်မှ ကျေးရွာပေါင်း ၁၁ရွာ၊ ကရင် ပြည်နယ်မှ ကျေးရွာပေါင်း ၃၆ ရွာ၊ နေပြည်တော်မှ ကျေးရွာပေါင်း ၁၃ရွာ၊ ချင်းပြည်နယ်မှ ကျေးရွာပေါင်း ၂၄ ရွာ၊ ဧရာဝတီတိုင်းမှကျေးရွာပေါင်း ၂၀၉ ရွာ၊ မန္တလေးတိုင်းမှ ကျေးရွာပေါင်း ၈၃ ရွာ၊ မွန်ပြည်နယ် မှကျေးရွာပေါင်း ၂၁ ရွာ၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ငါး ရွာ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ငါးရွာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ငါးရွာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ငါးရွာ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ငါးရွာနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ငါးရွာတို့ပါဝင်သည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

No comments: