Monday, June 23, 2014

အခြေခံဥပဒေကြောင့် တပ်မတော်သားများ ကျူးလွန်သည့်အမှုများကို အရေးယူရန် ခက်ခဲနေဟုဆို

ဖိုးစိုးသူ၊ ကျော်စွာဝင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တပ်မတော်သားများ ကျူးလွန်သည့် အဓမ္မမှုများကို တရားဥပဒေအရ အရေးယူရန် ခက်ခဲမှုများရှိနေသည်ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အုပ်ချုပ်သူ နော်ဆူဇန်နာလှလှစိုးက သန်လျင်မြို့၌ ဇွန်လ ၂၂ တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် ပြောကြားသည်။

စစ်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် တပ်မတော်သားများက အမျိုးသမီးများကို အဓမ္မကျင့်မှုများ ဖြစ်ပွားခဲ့ပြီး အရေးယူရန် တရားရုံးများကို တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း အမှုဖွင့်မရခြင်းတို့ ကြုံတွေ့နေရကာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုလာခဲ့သည်ဟု ၎င်းက ဆိုသည်။

“တရားဥပဒေ စိုးမိုးမှုမရှိပေမယ့် ရိုးရိုးလူတွေ အဓမ္မကျင့်မှုတွေဖြစ်ရင် အမှုဖွင့်လို့ရတယ်။ ငွေကြေးတတ်နိုင်လို့ အမှုကို ရှုံးရင် ရှုံးမယ်။ တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ အဓမ္မကျင့်မှုတွေဆိုရင် လုံးဝအမှုဖွင့်လို့မရဘူး။ တပ်မတော်ရဲ့ မာရှယ်လောအရဆိုပြီး တပ်မတော်ခုံရုံးက စီရင်ချက်ချမယ်ဆိုပြီး သိရတယ်။ ထောင်ချလား၊ အရေးယူလား ဘာလုပ်လဲဆိုတာ မသိရဘူး။ ဒါကြောင့် ဒီအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုတယ်”ဟု နော်ဆူဇန်နာလှလှစိုးက ပြောသည်။

ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ ၂၀၁၃ ခုနှစ်အတွင်း အမျိုးသမီးအဓမ္မကျင့်ခံရမှု ၁၃ မှု လာရောက် တိုင်ကြားခဲ့ပြီး တပ်မတော်သား ပါဝင်ပတ်သက်မှု လေးမှုတွင် တရားစွဲဆိုမရခဲ့ဟု ဆိုသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်သားတို့အတွက် သပ်သပ်၊ ပြည်သူအတွက် သပ်သပ် ဖြစ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် အပြည့်အ၀ အကာအကွယ်ပေးနိုင်ခြင်းမရှိသေးဟု အဆိုပါဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်ကို တိုင်ကြားထားတဲ့ အဓမ္မအမှုပေါင်း ၁၀၀ ကျော်ရှိတယ်။ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နှစ် ၆၀ အတွင်းမှာ ဒီလိုတိုင်တန်းလို့ မရတဲ့အမှုတွေ ဘယ်လောက်ရှိနေမယ် မသိရသေးတဲ့အတွက် အမျိုးသမီးအခွင့်အရေး အပြည့်အ၀ရဖို့ အလှမ်းဝေးနေသေးတယ်”ဟု ဆိုသည်။

သံလျင်မြို့တွင် ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ Generation Youth့၊ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၁,၀၀၀ ခန့် တက်ရောက်သည်။

No comments: