ကျော်စိုးမိုး
ဇွန်လ ၁၁ ရက်၊ တစ်ရက်တည်း၌ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဓာတ်လိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သော ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူများမှာ ဟင်္သာတမြို့နယ်၊ ဇရက်ကွင်းကျေးရွာအုပ်စုမှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှု ဇုန်အတွင်းရှိ ပလတ်စတစ်ကြိုးခွေစက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၂၈ နှစ် အရွယ် မျိုးဇော်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊၂၁ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၂၅ နှစ် အရွယ် မဇင်မာဝင်းတို့ ဖြစ်သည်။
မျိုးဇော်သည် ဇွန်လ ၁၁ ရက်၊ ည ၉ နာရီအချိန်ခန့်၌ ပလတ်စတစ်ကြိုးခွေ စက်ရုံတွင် ကြိုးဆွဲစက်ခုံမှ ပလတ်စတစ် ကြိုးခွေဖြုတ်ယူစဉ် ဓာတ်လိုက်ခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ မှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အလားတူ မဇင်မာဝင်းမှာလည်း ဇွန် ၁၁ ရက်၊ ည ၁၀နာရီအချိန်ခန့်တွင် ဓာတ်တိုင်မှ နေအိမ်သို့ သွယ် တန်းထားသော အထိန်းကြိုးမှ နေအိမ်သွပ်မိုးသွပ်နံရံသို့ လျှပ်စစ်စီးဝင်ကာ ယင်းနံရံတွင် သွယ်တန်းထား သော အ၀တ်တန်းသွပ်ကြိုးကိုကိုင်မိရာမှ ဓာတ်လိုက်ပြီး ဆေးရုံသို့ပိုဆောင်စဉ်လမ်း၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရွှေပေါက္ကံ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၁၁ ရက်၌ပင် ဒလမြို့နယ်၊ သင်္ဘောကျင်းအတွင်းတွင် သင်္ဘောကျင်း အလုပ်သမားတစ်ဦး ဓာတ် လိုက်သေဆုံးခဲ့ ပြီး ယင်းနေ့တစ်နေ့တည်း၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း သေမှုသေခင်း ဖြစ်စဉ် ပေါင်း ခုနစ်မှုဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၀ရက်က လှိုင်သာ ယာမြို့နယ်အတွင်း၌ ဓာတ်လိုက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး မေလအတွင်း၌ ဓာတ်လိုက်မှုကြောင့်လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။
No comments:
Post a Comment