Friday, June 13, 2014

အင်းဝမြို့ဟောင်းကျုံးနေရာ ပြန်လည်တူးဖော်ရန် အတွင်းမြို့ရိုးအတွင်း စမ်းသပ်တူးဖော်

မြတ်မင်း

အင်းဝမြို့ဟောင်းရှိ ကျုံးနေရာကို ပြန်လည်တူးဖော်နိုင်ရန် အတွင်းမြို့ရိုးအတွင်း စမ်းသပ်တူးဖော်မှု ပြုလုပ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

''အတွင်းမြို့ရိုးရဲ့ ကျုံးနေရာရှိမရှိ စမ်းသပ်တူးဖော် နေတာပါ။ တကယ်လိုရှိခဲ့တယ်ဆိုရင် ကျုံးကိုပြန်ပြီးတော့ တူးဖော်ဖို့ စိတ်ကူးရှိပါတယ်၊ စာပေအထောက်အထားတွေ အရတော့ ကျုံးသုံးတန်ရှိတယ်လို့ ဖော်ပြထားပါတယ်"ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စမ်းသပ်တူးဖော်မူများကို အတွင်းမြို့ရိုး၏ အရှေ့တောင်ဒေါင့်တစ်နေရာ၊ အနောက်တောင်ဒေါင့်တစ်နေရာ၊ အနောက်မြောက်ဒေါင့် တစ်နေရာတို့တွင် တူးဖော်သွားမည်။

နှစ်ပေါင်း ခြောက်ရာကျော်သက်တမ်းရှိ အင်းဝမြို့ဟောင်း ကျုံးနေရာ စမ်းသပ်တူးဖော်မှုကို မေလကုန်ခန့်က စတင်တူးဖော်နေခြင်း ဖြစ်ပြီး ဇွန်လ တတိယပတ်တွင် လုပ်ငန်းများ ရပ်နားမည်ဖြစ်သည်။

"တွေ့သည်ဖြစ်စေ၊ မတွေသည်ဖြစ်စေ နောက်တစ်ပတ်လောက်မှာ လုပ်ငန်းရပ်နားမှာပါ။ တကယ်လို့ တူးနေရင်း နွံကျုံးပဲဖြစ်ဖြစ်၊ ရေကျုံးပဲဖြစ်ဖြစ် ရှိခဲ့တဲ့ အထောက်အထားတွေခဲ့ရင် ဝန်ကြီးဌာနအနေနဲ့ ပြန်တူးမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ကျုံးကို အနက်ကြီးမတူးဘဲ ကျုံးပုံစံအရာအတိုင်းပဲ တူးပြီး ပြသသွားမှာပါဟု ၎င်းတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အင်းဝမြို့ကို ရှေးဘုရင်များ အစဉ်အဆက် စိုးစံခဲ့ကြပြီး ပထမအင်းဝကို သတိုမင်းဖျား၊ ဒုတိယအင်းဝကို ညောင်ရမ်းမင်း၊ တတိယအင်းဝကို ဆင်ဖြူရှင်၊ စတုတ္ထအင်းဝကို ဘကြီးတော်ဘုရားတို့က စိုးစံခဲ့ပြီး ယခုတူးဖော်နေသော ကျုံးသည် ဘကြီးတော်ဘုရားလက်ထက်က ကျုံးဖြစ်သည်။

No comments: