Tuesday, June 24, 2014

ကိုးလ်ဂိတ် စက်ရုံတည်ထောင်ခွင့်၊ ဟိုင်နီကင်ဘီယာ ရောင်းချခွင့်အပါအ၀င် နိုင်ငံခြားလုပ်ငန်း ၁၀ခု ခွင့်ပြု

စည်သူအောင်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၆/၂၀၁၄ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်အခြေစိုက် Colgate-Pamolive စက်ရုံတည်ထောင်ခွင့်၊ ရောင်းချခွင့်၊ နယ်သာလန် အခြေစိုက် Heineken ဘီယာဖြန့်ဖြူးရောင်းချခွင့်၊ စင်ကာပူအခြေစိုက် HSL အုပ်စု၏ Polo Club Residence အဆင့်မြင့် လူနေအိမ်ခန်းတည်ဆောက်ခွင့်နှင့် စင်ကာပူအခြေစိုက် Puma Energy Asia Sun Co., Ltd ကို ကတ္တရာနှင့် ရေနံဆက်စပ်ထွက်ကုန် တင်/ချဆိပ်ကမ်းတည် ဆောက်ခွင့်များကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Myanmar Consumer Beverages Ltd ကို အချိုရည်စက်ရုံ တည်ဆောက်ခွင့်၊ ဖြန့်ဖြူးရောင်းချခွင့်များ ပြုခဲ့ပြီး Maxpower (Thaketa) Co., Ltd ကိုလည်း မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ထောင်ခွင့်ပြုခဲ့သည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အထည်ချုပ်လုပ်ငန်းများ ပိုမိုခွင့်ပြုပေးနေရာ ယခု အစည်းအဝေးတွင်လည်း ထိုင်ဝမ်နိုင်ငံအခြေစိုက် အထည်ချုပ်လုပ်ငန်းသုံးခုနှင့် မကာအိုအခြေစိုက် အထည်ချုပ်လုပ်ငန်းတစ်ခုတို့ကိုလည်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။

Colgate-Pamolive စက်ရုံကို ရွှေပြည်သာမြို့နယ်တွင် တည်ထောင်မည်ဖြစ်ပြီး Heineken ဘီယာ၏ ဖြန့်ချိရေးကွန်ရက်ကို လှိုင်သာယာမြို့နယ်တွင် ဗဟိုပြုမည်ဖြစ်သည်။ Polo Club Residence အဆင့်မြင့် လူနေအိမ်ခန်းများကို တာမွေမြို့နယ်တွင် တည်ဆောက်ခွင့်ပြုထားပြီး Puma ၏ ဆိပ်ကမ်းကို သီလ၀ါတွင် တည်ဆောက်သွားမည်ဖြစ်သည်။ Myanmar Consumer Beverages Ltd ၏ စက်ရုံကိုမူ မင်္ဂလာဒုံမြို့နယ်တွင် တည်ထောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၄ခုနှစ် နှစ်စပိုင်းမှ ဇွန်လ ၁၃ ရက်အထိ နိုင်ငံခြားလုပ်ငန်း ၈၈ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် လက်ခစားအပ်ကုန်စနစ်ဖြင့်လုပ်ကိုင်မည့် အထည်ချုပ်လုပ်ငန်းများ အများဆုံးဝင်ရောက်ခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄၈ ဘီလီယံ မြှုပ်နှံခွင့်ပြုထားပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းကဏ္ဍငါးခုမှာ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ သတ္တုတွင်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတို့ဖြစ်သည်။

No comments: