Thursday, June 19, 2014

လယ်ယာမြေအရေး ဆန္ဒပြသူ မစုစုနွေး ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ

ကျော်စွာဝင်း

ပြည်ဦးလွင်ခရိုင်အတွင်း သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး ဇွန် ၁၆ရက်က ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် မစုစုနွေးကို ပြင်ဦးလွင်မြို့မရဲစခန်းက ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ပုဒ်မ ၁၈ ဖြင့်တရားစွဲထားသည်ဟု မစုစုနွေးက မဇ္ဈိမကိုပြောသည်။

သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဇွန် ၁၆ ရက်က ဆန္ဒထုတ်ဖော်ရန် ဇွန် ၁၅ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ NLD ပါတီ၊ ကျန်းမာရေး ဌာနများကို အကြောင်းကြားစာများ ပေးပို့ခဲ့သည်ဟုဆိုသည်။

"ကျွန်မ ပုဒ်မ ၁၈ ကို မကျုးလွန်တဲ့အတွက် လက်မခံဘူး။ ပုဒ်မ ၁၈ နဲ့ ကျွန်မကို အာမခံတွေလုပ်ခိုင်းမယ်။ လက်မှတ်တွေထိုးခိုင်းမယ်ဆို လက်ခံမှာမဟုတ်ဘူး"ဟု မစုစုနွေးက ပြောသည်။

အကြောင်းကြားစာပေးပို့သည့် ဇွန် ၁၅ ရက် ည ၉နာရီ ၄၅ မိနစ်အချိန်တွင် ပိတ်ချင်းမြောင်ရဲစခန်းမှူးက ဆွေးနွေးရန်ခေါ်ခိုင်းသည်ဟုဆိုကာ ရဲများက မစုစုနွေးကို ခေါ်ယူခဲ့သည်။

"ပုဒ်မ ၁၈ နဲ့ တရားစွဲတာဟုတ်ပါတယ်။ စခန်းမှူးကိုယ်တိုင်အမှုစစ်တာပါ" ဟု ပြင်ဦးလွင်မြို့မ ရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

အဆိုပါ ပြင်ဦးလွင်ခရိုင်လုံး သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို ငါးရက်ကြိုတင်အကြောင်းကြားရန် ဇွန် ၁၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က အနီးကပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

No comments: