သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့ တွင် တရုတ - မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး အဖွဲ့မှ မြန်မာ နိုင်ငံဘက် မှမြေများကို တရုတ် နိုင်ငံပိုင် မြေအဖြစ် တိုင်းထွာ သတ်မှတ်ကာ ယာယီ ငုတ်တိုင်များ စိုက်ထူ ထားသော ကြောင့် ဒေသခံများ ကန့်ကွက် လက်မှတ် ရေးထိုးသည့် စာကို ဇွန်လ ၄ ရက်နေ့က နေပြည် တော် အစိုးရ အဖွဲ့ထံ ပေးပို့ လိုက်ကြောင်း သတင်း ရရှိသည်။
တရုတ်နိုင်ငံပိုင်မြေဖြစ်သည်ဟုသတ်မှတ်ခံရသောရွာသုံးရွာမှ ရွာသူရွာသား များ လက်မှတ် ရေးထိုး ပြီးနေပြည် တော်အစိုးရအဖွဲ့ထံ ဟိုတယ်နှင့်ခရီးသွားဒု-၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းမှတဆင့် ပေးပို့လိုက် ကြောင်း ၊ဒေါက်တာစိုင်းကျော်အုန်းလည်း လွှတ်တော်ထဲတွင်တင်သွင်း ထားပြီးဖြစ်ကြောင်း နမ့်ခမ်းမြို့ (SNLD) ကျားခေါင်းပါတီ အကြီးအကဲတစ်ဦးကဆိုသည်။
“ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးတဲ့ ဒေသခံတွေကတော့ မန့်နောင်ရွာသား ၃၀၈ ဦး ၊ကုန်းဆာရွာသား ၄၇၅ ဦး နဲ့ ခေးခွန်(ကျေးခွန်၊ စေးခွန်) ရွာက ၅၅ ဦး အားလုံး ၈၃၈ ဦး ရှိပါတယ် ” - ဟု ၄င်းကပြောသည်။
ဒေသခံပြည်သူများမှ လက်မှတ်ရေးထိုး ပို့ပေးခဲ့သောစာများ လက်ခံရရှိပြီး လွှတ်တော်ထဲသို့တင်ပြထားကြောင်း ၊ နေပြည်တော်အစိုးရအဖွဲ့မှလည်း နှစ်နိုင်ငံနယ်နမိတ်မြေများကို အတိအကျပြန်လည်တိုင်းတာပေးရန် သျှမ်းပြည်အစိုးရထံ စာပို့ထားကြောင်း ဟိုတယ်နှင့်ခရီးသွား ဒု-၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်း က ဆိုသည်။
“ ဒီ နယ်နိမိတ်တိုင်းတာမှုဟာ ရိုးသားမှုမရှိဘူးလို့ကျနော်ထင်တယ် ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပိုင် မြေထဲဧကပေါင်းရာချီ တရုတ်နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ခံရတယ်လို့၊ ဒါပေမဲ့ ခုသတ်မှတ်မှုမှာ ယာယီသတ် မှတ်မှုအဆင့်ပဲရှိပါသေးတယ်၊ ပြန်လည်သတ်မှတ်နိုင်သေးတယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြော သည်။
၁၉၆၂ ခုနှစ်ကတည်းက တရုတ်နယ်ခြားမှတ်တိုင်များ အားလုံး သည် နမ့်ခမ်းမြို့ ရွှေလီမြစ်တစ်ဘက်ကမ်း တွင်သာရှိသည်ကိုတွေ့ရကြောင်း၊ ယခုမှ အဘယ်ကြောင့် တရုတ်နယ်ခြား မှတ်တိုင်များသည် ရွှေလီမြစ်ကိုကျော် ဖြတ်ပြီး မြန်မာ ဘက်ခြမ်းကို လာစိုက် ရသည်ကို မသိရကြောင်း ရှေ့မှီနောက်မှီ သက်ကြီး ဝါကြီး ဒေသခံ ချိန်းဆွဲ့ က လည်း ပြောပြပါသည်။
No comments:
Post a Comment