Sunday, June 15, 2014

တည်းခိုခန်းတွင် မန်နေဂျာဖမ်းခံရမှု ပိုင်ရှင်က တာဝန်မယူ

ကျော်စိုးမိုး

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ (၃)ရပ်ကွက်အတွင်းရှိ ရွှေအရိပ်တည်းခိုခန်းတွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သည်ဟုဆိုကာ အသက် ၁၇နှစ်အရွယ် မန်နေဂျာ အမျိုးသားတစ်ဦး အဖမ်းခံရမှုကို ပိုင်ရှင်ဖြစ်သူက တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိဟု ဆိုင်မန်နေဂျာ၏ မိခင်ဖြစ်သူ ဒေါ်ခိုင်ရည်မွန်က မဇ္ဈိမကို ပြောသည်။

အဖမ်းခံရသူသည် အသက် ၁၇ နှစ် သာရှိသေးသူ မောင်ဇင်လင်းကိုမှာ ရွှေအရိပ်တည်းခိုခန်းတွင် ၂၀၁၂ ခုနှစ်က တည်းက သန့်ရှင်းရေးဝန်ထမ်းဖြင့် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ နှစ်ဆန်း ပိုင်းတွင်မှ မန်နေဂျာရာထူး တိုးမြှင့်ခံရပြီး တည်းခိုခန်းသို့ ၀င်ရောက်တည်းခိုသည့် ဧည့်သည်အပေါ်တွင် မူတည်၍ တစ်ရက် လျှင်နေ့တွက် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ၀န်းကျင်သာရရှိသည်ဟု ဒေါ်ခိုင်ရည်မွန် က ဆိုသည်။

“ဆိုင်ရှင်က ခိုင်းလို့လုပ်တဲ့ဟာကို တကယ်တမ်း အဖမ်းခံရတယ့် အချိန်လဲရောက်ရော ဘာမှဆောင်ရွက် မပေးပါဘူး။ အခုရှေ့နေငှားတဲ့ကိစ်္စကိုလည်း မရှိမဲ့ ရှိမဲ့ ပိုက်ဆံကိုစုပြီးတော့ လုပ်နေရတယ်။ သက်ဆိုင်ရာ တွေအနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။

အဆိုပါ တည်းခိုခန်းကို မေ ၂၂ ရက်၊ ညနေ ၅ နာရီ ၀န်းကျင်တွင် ဇီးကုန်းမြို့နယ် ရဲစခန်းမှ အသွင်သက် သေများဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုး သမီးငယ်သုံးဦးနှင့် တည်းခိုခန်း မန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ရွှေအရိပ် တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးလွင်ထွန်းက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တတ်နိုင်သ လောက် ဆောင်ရွက်ပေးနေပါတယ်။ ရှေ့နေတွေလည်း ငှားပေးဖို့ စီစဉ်နေပါတယ်”ဟု မဇ္ဈိမကို ပြော သည်။

တည်းခိုခန်းမန်နေဂျာဖြစ်သူ မောင်ဇင် လင်းကိုအား ဇီးကုန်းမြို့မရဲစခန်းမှ ပြစ်မှု ပုဒ်မ ၃၁/၅၁/၈၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

No comments: