ဖြိုးဝေလင်း
ပြည်တွင်းထုတ် စက်မှုဇုန်ကားများကို ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်ပုံစံအတိုင်း ယခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဟု ပြည်သူ့လွှတ်တော်တွင် ကတိပြုကြေညာခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် ရန်ကုန်မော်ကားဈေးကွက်အတွင်း စံချိန်တင်မြင့်တက်နေသည့် စလစ်ဈေးမှာ ကျပ် ၁၇ သိန်းကျော် ကျဆင်းသွားသည်ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက မဇ္ဈိမကို ပြောသည်။
“ အခုဇုန်ကားတွေကို လက်ခံတော့မယ်ဆိုတော့ စလစ်ဈေးက ထိုးကျသွားတာ။ အခုလို မူဝါဒပြောင်းတဲ့ အချိန်ဆိုရင်တော့ စလစ်ဈေးက တစ်ရက်သုံးကြိမ်လောက် ဖွင့်တယ်။ ဇုန်ကားတွေကို ဘယ်တော့ လက်ခံ မယ်ဆိုတာတော့ ရက်အတိအကျ မပြောသေးဘူး” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစလစ်ဈေးနှုန်းမှာ ဇွန်လ ၁၀ ရက် နံနက်ပိုင်းအထိ စလစ်တစ်စောင်လျှင် ကျပ် ၁၁၇ သိန်းအထိ ရှိနေခဲ့ပြီး လွှတ်တော်အတွင်း ကြေညာခဲ့သည့် ဇွန်လ ၁၀ ရက် ညနေပိုင်းမှ စတင်၍ ပြန်လည်ကျဆင်း လာခြင်း ဖြစ်သည်ဟု စလစ်ရောင်းဝယ်သူ တစ်ဦးက ရှင်းပြသည်။
ယခုဇွန်လ ၁၂ ရက်တွင် ဈေးကွက်အတွင်းစလစ်တစ်စောင်လျှင်ကျပ်သိန်း ၁၀၀ ၀န်းကျင်သာရှိတော့ပြီး စက်မှုဇုန် ကားများအပ်နှံခွင့်ပြုပါက စလစ်ဈေးမှာ ကျပ်သိန်း ၁၀၀ အထက်သို့ ပြန်လည် ရောက်ရှိရန်မှာ ခဲယဉ်းလှသည်ဟု ၎င်းင်းက ဆိုသည်။
“ အခုစလစ်ဈေးက တစ်ရက်ကို ငါးသိန်းလောက် ပုံမှန်ကျနေတယ်။ နာမည်ပေါက်ပြီးသား စလစ်တောင်မှ ၁၀၅ သိန်းလောက်ပဲ ရှိတော့တယ်။ နောက်လာမယ့် စလစ်ဈေးကွက်က ဇုန်ကားတွေ အပေါ်မှာပဲ မူတည် နေတယ်” ဟု ၎င်းက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြု သည့် စီမံချက်တွင် မှတ်ပုံတင်သက်တမ်း နှစ်နှစ်ဆယ်ပြည့်ပြီးသည့် အက္ခရာများကိုသာ ဆောင်ရွက်ပေးနေပြီး စက်မှုဇုန်ကားများမှာ သက်တမ်းအားဖြင့် ၁၀ နှစ် ၀န်းကျင်သာ ရှိသေးသော်လည်း ယာဉ်ကြံ့ခိုင်မှု နှင့် အရည်အသွေး ကျဆင်းလာသဖြင့် အပ်နှံခွင့်ပြုရန် စီစဉ်ရခြင် ဖြစ် သည်။
ယခုဈေးကွက်အတွင်း စလစ်ဈေးများ ကျဆင်းလာသော်လည်း စက်မှုဇုန်ထုတ်ကားများဖြစ်သည့် ဂျစ်ကား နှင့် လိုက်ထရပ်ကားများမှာ အပ်နှံခွင့်ပြုမည်ဟု ကြေညာခဲ့ပြီး နောက်ပိုင်း ယခင်ဈေးထက် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ခန့်မြင့်တက်လာသည်ဟု မင်းရဲကျော်စွာ ကားဝယ်ရောင်းစခန်းမှ ၀ယ်ရောင်းလုပ်ကိုင်သူဦးသိန်း ထွန်းက ပြောသည်။
ယခုအပ်နှံခွင့်ပြုမည့် ယာဉ်အမျိုးအစားများမှာ ဂျစ်ကားများ၊ လိုက်ထရပ်ကားများ၊ လူနာတင် ယာဉ်များ၊ ကုန်တင် ယျာဉ်များ မီးသတ်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ ဖြစ်သည်။ စက်မှုဇုန်ကားများကို ၂၀၁၄ ခုနှစ်၊ မေလကုန်အထိ ဆယ်နှစ်ကျော်ကာလအတွင်း အစီးရေ ကိုးသိန်း ရှစ်သောင်းကျော် ထုတ်လုပ်ခဲ့ပြီး ယခုအပ်နှံခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment