အောင်သူရထွန်း
မြန်မာနိုင်ငံတွင် အရက်သေစာသောက်စားခြင်း၊ အနိမ့်ဆုံး အသက်အရွယ်ကန့်သတ်ရန် လောလောဆယ် အစီအစဉ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ဖြေကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ အရက်သေစာသောက်စားခြင်း၊ ရောင်းဝယ်ခြင်းနဲ့ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့်စပ်လျဉ်းပြီး ယစ်မျိုးဥပဒေနဲ့ ယစ်မျိုးနည်းဥပဒေတို့နဲ့အညီ ဆောင်ရွက်လျက်ရှိရာ အနိမ့်ဆုံးအသက်အရွယ် ကန့်သတ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါ”ဟု ၎င်းက လွှတ်တော်သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်အထိ ယစ်မျိုးဥပဒေဖြင့် အရေးယူခဲ့သော အမှုပေါင်း ၈,၄၄၃မှု၊ တရားခံပေါင်း ၈,၄၅၅ ဦး၊ ပညာပေးဟောပြောမှု အကြိမ်ပေါင်း ၅,၉၁၇ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့ရာတွင် လူငယ်များ အရက်သောက်ခွင့်အပေါ် အသက်ကန့်သတ်ချက်မရှိခြင်းကြောင့် ဆိုးကျိုးများ ပိုမို ဖြစ်ပေါ်စေခဲ့သည်ဟု အစိုးရအဖွဲ့အား မေးမြန်းခဲ့သူ ဦးဆိုင်ပေါင်းနပ်က “အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်များဟာ အရက်သုံးစွဲမှု ပိုမိုများလာတာကို တွေ့ရတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အရက်သေစာ သောက်သုံးရမယ့် အသက်ကန့်သတ်ချက် မရှိလို့ပဲ။ နောက်တစ်ခုက အလွယ်တကူဝယ်ယူလို့ ရနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။
အမေရိကန်နိုင်ငံတွင် အမျိုးသားအရက်သောက်သုံးခွင့်ရမည့် အနိမ့်ဆုံးအသက်မှာ ၁၈ နှစ် သတ်မှတ်ထားပြီး ဗြိတိန်တွင် ကလေးသူငယ်များသည် အုပ်ထိန်းသူလူကြီး တစ်ဦးဦးပါမှသာ ညကိုးနာရီအထိ ဆိုင်အတွင်း ၀င်ခွင့်ပြုသော်လည်း ထမင်းစားသုံးခွင့်သာပေးထားကြောင်း သိရသည်။
ဒုတိယ၀န်ကြီးက အရက်ဆိုင်များလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းပြရာတွင် အသက် ၁၆ နှစ် မပြည့်သေးသော ကလေးများအား ၀န်ထမ်းအဖြစ် ခိုင်းစေခြင်း မပြုရ၊ ရောင်းသူ သို့မဟုတ် အကူရောင်းသူအဖြစ် အမျိုးသမီးများကို မငှားးရ၊ တစ်ဆိုင်နှင့်တစ်ဆိုင်ကြား ကိုက် ၁၀၀ ထက်မနီးရ၊ စာသင်ကျောင်းအနီးနှင့် သာသနာ့မြေအနီးတွင် အရက်ဆိုင် မဖွင့်ရ၊ လူမြင်ကွင်းတွင် အရက်ဆိုင် မဖွင့်ရ၊ အရက်ကြော်ငြာ မချိတ်ရစသည့် အချက်များစွာ ပါဝင်သော်လည်း လက်တွေ့တွင် ကိုက်ညီမှုမရှိကြောင်း ဦးဆိုင်ပေါင်းနပ်က မီဒီယာသို့ ပြောကြားခဲ့သည်။
No comments:
Post a Comment