စည်သူအောင်
မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား ၀န်ထမ်းများကို နေထိုင်ခွင့်ဗီဇာသက်တမ်း ခြောက်လပေးအပ်ရာမှ သုံးလသို့ လျှော့ချပေးအပ်ခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု နိုင်ငံခြားကုမ္ပဏီများ၏ တာဝန်ရှိသူများက ပြောသည်။
“ပြီးခဲ့တဲ့အခေါက် ဗီဇာသက်တမ်းလျှောက်တာ အရင်လို ခြောက်လမပေးတော့ဘူး။ သုံးလပဲ ရတော့တယ်။ နိုင်ငံခြားဝန်ထမ်းတွေ မြန်မာပြည်ကိုလာတာ အရင်လို လပိုင်း မဟုတ်တော့ဘူး။ အနည်းဆုံး တစ်နှစ်ထား ဖို့ ရုံးချုပ်ကဆုံးဖြတ်ထားတာ။ ခဏခဏ သက်တမ်းတိုးရတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး”ဟု ဂျပန် အခြေစိုက်ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြားသားဝန်ထမ်းများကို နေထိုင်ခွင့်ဗီဇာထုတ်ပေးရာတွင် ကနဦး နေထိုင်ခွင့်သက်တမ်း သုံးလသာ သတ်မှတ်ထားသော်လည်း သက်တမ်းတိုးရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ထောက်ခံ ချက် အတိုင်းသာ ပေးအပ်နေသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်သန်းက ဆိုသည်။
၎င်းက “နိုင်ငံခြားသားဝန်ထမ်းတွေကို ပထမဦးဆုံး မြန်မာပြည်မှာ နေထိုင်အလုပ် လုပ်ကိုင်ခွင့်အတွက် သုံးလပဲပေးဖို့ သတ်မှတ်ထားတယ်။ နောက် သက်တမ်းတိုးတွေမှာတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ထောက်ခံချက်အတိုင်း ပေးပါတယ်” ဟု ပြောသည်။
နိုင်ငံခြားသားဝန်ထမ်း နေထိုင်ခွင့်အတွက် ထောက်ခံချက်ပေးနေသည့် သက်ဆိုင်ရာဌာန တစ်ခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက နေထိုင်ခွင့်သက်တမ်း တစ်နှစ်အထိ ထောက်ခံချက် ပေးနေသည်ဟု ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဆိုသည်။
၎င်းက “ကျွန်တော်တို့က ကုမ္ပဏီတွေ အဆင်ပြေအောင်လို့ တစ်နှစ်အထိ ထောက်ခံချက် ပေးနေပါတယ်။ လ၀က ဘက်က အခုလို သုံးလပဲခွင့်ပြုနေတာ တစ်လလောက်ရှိပြီဗျ။ မြန်မာပြည်ကို ပထမဦးဆုံး စ၀င်တဲ့ နိုင်ငံခြားဝန်ထမ်းကို သုံးလ၊ သက်တမ်းတိုး ပထမအကြိမ်ကို ခြောက်လ၊ နောက်ထပ် သက်တမ်းတိုးတွေ အတွက် တစ်နှစ်အထိ ပေးမယ်ပြောတယ်” ဟု ပြောသည်။
နိုင်ငံခြားသား ခန့်ထားခွင့်၊ နေထိုင်ခွင့် သက်တမ်းတိုးခွင့်နှင့် အလုပ်သမားမှတ်ပုံတင် လျှောက်ထားခြင်း ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများထံမှ ထောက်ခံချက် တောင်းခံပြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနသို့ လျှောက်ထားရသည်။
No comments:
Post a Comment