Wednesday, June 18, 2014

အစမ်းခန့်ကာလတွင်း အလုပ်ထွက်၍ ဘွဲ့လက်မှတ် မူရင်းများကို ဇောတိက ကုမ္ပဏီ ပြန်မပေး

ခင်မြတ်မြတ်ဝေ

ဇောတိကအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီပိုင် မြန်မာဘစ်ရှော့ဈေးဝယ်စင်တာက ဝန်ထမ်းသုံးဦးမှာ အစမ်းခန့်ကာလအတွင်း အလုပ်ထွက်သဖြင့် အလုပ်ဝင်စဉ်က ပေးရသည့် ၎င်းတို့၏ ဘွဲ့လက်မှတ်မူရင်းများကို အလုပ်ရှင်က ပြန်မပေးသေးဟု ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။

ယင်းစင်တာတွင် စာရင်းကိုင်တာဝန်ယူခဲ့သည့် မစုမြတ်နိုးက "ကျွန်မတို့ဝင်ဝင်ချင်း တစ်လအခမဲ့ လုပ်ရတယ်။ နောက်လကျတော့ လစာ၇၀၀၀နဲ့ ခန့်မယ်ပြောတယ်။ လစာမဲ့တစ်လ ပြည့်တဲ့နေမှာ လစာထဲကနေ အလုပ်သမားဆုကြေးငွေ ၅ထောင်လစဉ် ထည့်ရမယ်လို့ တာဝန်ရှိတဲ့သူက ပြောတယ်၊ ကျွန်မတို့အနေနဲ့ အဆင်မပြေဘူး" ဟု အလုပ်ထွက်ခဲ့ရသည့် အကြောင်းရင်းကို ပြောသည်။

ထိုသို့ အဆင်မပြေမှုများကြောင့် မစုမြတ်နိုးနှင့်အတူ မမေသင်္ကြန်တို့ အလုပ်ထွက်ရန် စင်တာ အုပ်ချုပ်ရေးတာဝန်ခံကို သွားပြောရာ တာဝန်ခံက ထွက်စာတွင် ငွေတစ်သိန်းခွဲ ပေးမည်ဟု လက်မှတ်ထိုးမှသာ ဘွဲ့လက်မှတ်များ ပြန်ပေးမည်ဟု ပြောကြောင်း မစုမြတ်နိုးက ပြောသည်။

အလားတူပင် ယင်းစင်တာတွင် မန်နေဂျာရာထူးဖြင့် လစာ တစ်သိန်းခွဲယူကာ အစမ်းခန့်ကာလ တစ်လအလုပ်လုပ်ခဲ့သည့် ဒေါ်ခင်သန္တာနီကလည်း ဖခင် ကျန်းမာရေးအခြအနေကြောင့် ခွင့်တိုင်ကာ အလုပ်ပျက်သည့်အတွက် လစာကိုဆိုင်းငံ့ခံရသည်။ ထို့ကြောင့် အလုပ်မှ ထွက်စာတင်ရာ လစာကို ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် လှူဒါန်းခဲ့မှသာ ဘွဲ့လက်မှတ် ပြန်ပေးမည်ဟု ပြောကြောင်း ဒေါ်ခင်သန္တာနီက မဇ္ဈိမကို ပြောသည်။

၎င်းတို့ သုံးဦးလုံးက ဇောတိက ကုမ္ပဏီအောက်ရှိ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာတွင် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ တစ်လတည်းသာ အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါအကြောင်းအရာများကြောင့် ဇောတိကပိုင်ရှင် ဦးခင်လှိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ "အလုပ်ထွက်တာ နှုတ်ထွက်စာမတင်ဘူး။ အလုပ်ထွက်ရင် ၁သိန်းခွဲဆိုတာ ၀န်ထမ်းသက်သာ ချောင်ချိရေးကို ထည့်ခိုင်တာပါ။ ဘွဲ့လက်မှတ်တွေ သိမ်းထားတဲ့ဆိုတာ ကလည်း ကုမ္ပဏီရဲ့စည်းကမ်းကို အဲဒါမျိုးထည့်ထားတယ်။ ကုမ္ပဏီရဲ့ မူဝါဒ အစတည်းက ရှိပြီးသားပါ"ဟု ပြောသည်။

ဦးခင်လှိုင်က ၎င်းတို့ကုမ္ပဏီအနေဖြင့် ချုပ်ဆိုထားသည့် စာချုပ်သည် ၂၀၁၃ခုနှစ် သြဂုတ်လ ၃၁ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း အခန်း ၃ ပုဒ်မ ၅ပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုအရ ချုပ်ဆိုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဥပဒေ အခန်း ၃ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)တွင် အလုပ်ရှင်နှင့် အလုပ်သမားအကြား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်များကို ဥပဒေက ပေးထားသည့် အချက် ၂၁ချက်နှင့် အညီ ချုပ်ဆိုရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ)တွင်မူ သဘောတူညီမှု စာချုပ်အရ သတ်မှတ်ကာလထက် စော၍ လုပ်ငန်းပြီးစီးလျှင်သော်လည်းကောင်း၊ တာဝန်မှ ရပ်စဲလိုက်လျှင်သော်လည်းကောင်း အလုပ်ရှင်က အလုပ်သမားကို သတ်မှတ်ထားသည့် နစ်နာကြေး ပေးရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်ဟု ပါရှိသည်။

ယင်းသို့ စာချုပ် ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားပါက ငွေဒဏ်ချမှတ်ရမည်ဟု ပါရှိသော်လည်း ဥပဒေအရ ငွေဒဏ်တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။

ဇောတိက ကုမ္ပဏီက အလုပ်သမားသုံးဦးက ၎င်းတို့၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းကို နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့ကို လိပ်မူ၍ မတ်လအတွင်း တိုင်ကြားစာများ ပိုခဲ့သည်။

ယင်းအပြင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး ဆောင်ရွက်သူ မသက်သက်အောင်ကလည်း လိုက်လံကူညီပေးနေပြီး အမှုဖွင့်တိုင်ကြားသွားရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု မသက်သက်အောင်က မဇ္ဈိမကို ပြောသည်။

No comments: