Tuesday, June 17, 2014

မဟာသနိ္တသုခကျောင်းတိုက် စီမံခန့်ခွဲမှုကိစ္စ (မဟန) အစည်းအဝေးလုပ်၍ ဆုံးဖြတ်မည်

အေးမြင့်စန်း၊ ယုဝေ

ချိတ်ပိတ်ထားသည့် မဟာသနိ္တသုခ ကျောင်းတိုက် စီမံခန့်ခွဲမှုကို လက်ရှိတွင် တိုင်းအစိုးရအဖွဲ့က တာဝန်ယူနေပြီး မည်သို့ဆက်လုပ်မည်ဆိုသည်ကို နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင် သံဃာတော် ၄၇ပါး အစည်းဝေးလုပ်ကာ ဆုံးဖြတ်မည်ဟု သာသနာရေးဦးစီးဌာန၊ ၀ိနိစ္ဆယ ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဇွန် ၁၅ရက်တွင် မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၁ ရက်က အဆိုပါကျောင်းတိုက်နေ ပီနန်ဆရာတော်ကြီး၏ တပည့်များကို အင်အားသုံးဖယ်ရှားခဲ့အပြီး အနာဂတ်တွင် မည်သို့စီမံခန့်ခွဲမည်ကို (မဟန) က ဆုံးဖြတ်ရန် စီစဉ်ခြင်းဖြစ်သည်။

လက်ရှိတွင် ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို လူဝတ်လဲစေပြီး သာသနာတော် ညှိုးနွမ်းစေမှု ၂၀/၉၀ ဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

အဆိုပါဖြစ်ရပ်အပေါ် ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က တိုင်း၊ မြို့နယ်သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ အမိန့်ကို မလိုက်နာခြင်း၊ သံဃာစည်းရုံးလှုံ့ဆော်ခြင်း၊ သံဃာထုနှင့် လူပုဂ်္ဂိုလ်များ စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့်သတင်းများ ဖြန့်ချိခြင်း၊ သံဃာအဖွဲ့စည်းတစ်ရပ်လုံးရဲ့ စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့် သာသနာတော် ညှိုးနွမ်းစေမှု ၂၀/ ၉၀ ဖြင့် အရေးယူရခြင်းဖြစ်သည်ဟု ပြောသည်။

ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က “တရားရုံးမှာကျတော့ ရင်ဆိုင်တဲ့အခါ တရားရုံးထုံးစံအရ သိက္ခာချ လူဝတ်လဲရပါတယ်၊ သက်ဆိုင်ရာတရားရုံးရဲ့ ဥပဒေအတိုင်းလုပ်ရတာ၊ ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ အရေးယူလို့ရတယ်”ဟု ပြောသည်။

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မဟာသနိ္တသုခ ကျောင်းတိုက်ကို မြန်မာပြည်အတွင်းရှိ သံဃာထုငါးသိန်းလုံးကို ကိုယ်စားပြုသည့် မဟနပိုင်ဆိုင်သည့် သံဃာပိုင်ပစ္စည်း ဖြစ်သည့်အတွက် ပီနန်ဆရာတော်ထံ လွှဲပြောင်းပေးရန်မရှိဟု ဆိုသည်။

သမ္မတအနေဖြင့်မူ ယင်းအရေး ၀င်ရောက်ဖြေရှင်းပေးရန်မရှိဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇွန် ၁၄ ရက်တွင် မဇ္ဈိမကို ပြောထားသည်။

အစိုးရက ပီနန်ဆရာတော်ကြီး ခေတ္တ သီတင်းသုံးရန်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး သံဃာ၊ လူပရိသတ်အင်အားများပြားလာသည့်အတွက် ဖယ်ရှားရခြင်းဖြစ်သည်ဟု ဆိုသည်။

သီတဂူဆရာတော် ဦးဉဏိဿရကမူ “ဘုန်းကြီးစွမ်းအားရှင်တွေ ကျနေတာပဲ၊ မလုပ်သင့်ဘူး၊ ဒါ ဒေ၀ဒတ်နည်းလမ်းပဲ”ဟု ဇွန် ၁၅ရက်တွင် မဇ္ဈိမကို မိန့်သည်။ အဆိုပါဖြစ်စဉ်တွင် ရန်ကုန်တိုင်း (မဟန) ဆရာတော်အချို့ဦးဆောင်ကာ ၀င်ရောက် ဖယ်ရှားခဲ့သည်ကို ရည်ညွှန်း၍ ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။

သံဃာတော်များကို ထိုသို့ဖမ်းဆီးကာ လူဝတ်လဲ အရေးယူခြင်းကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လန်ဒန်ရောက် မြန်မာနှင့် သံဃာများအားလုံး လန်ဒန်တွင် တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မှ ၂ နာရီထိ မြန်မာသံရုံးရှေ့ စုဝေးဆန္ဒပြရန် စီစဉ်ထားသည်။

No comments: