နန်းမြနဒီ
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်ထဲမှာ ရာဘမူးယစ်ဆေးဝါး အလုံးရေ ၆ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ နယ်မြေခံ မူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျပ်သိန်းပေါင်း ၁၅၀၀၀ ဖိုး နီးပါး တန်ဖိုးရှိတဲ့ အဲဒီ ရာဘမူးယစ်ဆေးပြားတွေကို တာချီလိတ်ခရိုင် ပါခုပ် စစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၃ ရက် မနက် ၁၁ နာရီ ခွဲလောက်က ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မူး ယစ်ရဲတပ်ဖွဲ့က ဒုတပ်ကြပ် တိုးမြင့်အောင်က ဒီဗွီဘီကို ခုလိုပြောပါတယ်။
“အီဇူဇူးအမျိုးအစား အဖြူရော် ၂ ခန်းတွဲမော်တော် ယဉ် နောက်ခန်းထိုင် ခုံအောက်မှာ အံဝှက်လုပ်ပြီးတော့မှ ရှမ်းစက္ကူတွေနဲ့ ထုတ်ထားတာ။ ဒဗလျူ ၀ိုင်တံဆိပ်ပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား တထုတ်ကို ၆ ထောင်ပါ ၉၄ ထုတ် ၊ ၄ ထောင်ပြားပါတာက ၆ ထုတ်၊ ၂ ထောင်ပါတာ ၁ ထုတ်၊ စုစုပေါင်း ၅ သောင်း ၄ ထောင် အလေးချိန်က ၅၉ ကီလိုဂရမ်၊ ကာလတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၄၇၅၀ အဲဒါကို သိမ်းဆည်းရမိတယ်။”
ကြိုတင်သတင်းအရအရ မူးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်စု ၃၀ က ရဲအုပ် စိုင်းနော်ဟိန်း ဦးဆောင်ပြီး နယ်မြေခံစစ်တပ်၊ သတင်းရဲတပ်ဖွဲ့နဲ့ ကျေးရွာပြည်သူစစ်တွေပါ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၁၉ နှစ်ရွယ် စိုင်းအိုက်မွန်းကို မြို့နယ်ရဲစခန်းမှာ မူးယစ်မှုနဲ့ အမှုဖွင့်ထားကြောင်း၊ သူဟာ ၀မ်တုံရွာသားဖြစ်ပြီး မူးယစ်ကုန်သည်တွေဆီကနေ အခကြေးငွေ ဘတ် ၅ သောင်း နဲ့ ဝေလေလံရွာကနေ မြန်မာ၊ လောနဲ့ ထိုင်းနယ်စပ် ၀မ်ပုံရွာဘက်ကို ပို့ပေးဖို့ အငှားသယ်ဆောင်လာကြောင်း၊ ဒါဟာ ပထမဆုံးအကြိမ် လုပ်မိတာလို့ ၀န်ခံခဲ့တယ်လို့ တာဝန်ကျ ရဲဒုတပ်ကြပ်က ပြောပါတယ်။
နောက်ဆက်တွဲ ကွင်းဆက်တွေ ဖမ်းဆီးနိုင်ဖို့ သူ့ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တာချီလိတ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေ မကြာခနရှိနေပြီး ဒီနှစ်ထဲမှာဆိုရင် အနည်းဆုံး ၁၀ ကြိမ် ရှိသွားပြီဖြစ်ကြောင်း၊ အဲဒီဖမ်းဆီးတဲ့ထဲက ဒီတကြိမ်ဟာ အရေအတွက်အများဆုံးနဲ့ တန်ဖိုးအများဆုံးပဲလို့ သူကဆက်ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းမှာလည်း ရဲအုပ်ကျော်စွာထွန်း ဦးစီးတဲ့ ပူးပေါင်း တပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်မှာ ကျပ် ၁၅ သိန်း တန် ဖိုးရှိတဲ့ ဘိန်းစိမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment