ဇေယျာချမ်းမြေ့
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ဆက်ဆံရေးနှင့် စီးပွားရေးရုံးခွဲ(ရန်ကုန်) ဖွင့်လှစ်ရန် ပြင်ဆင်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အိုးအိမ်ဦးစီးဌာနတို့က တားမြစ်မှုများပြုလုပ်နေကြောင်း DKBA၏ ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးကိုယ်စားလှယ် ဒုဗိုလ်မြင့်စိုးက မစ္ဈိမသို့ပြောသည်။
DKBA သည် ၂ဝ၁၃ ခုနှစ်၊ နှစ်လယ်ပိုင်းမှစတင်ကာ စီးပွားရေးရုံးခွဲဖွင့်လှစ်ရန် ၁၂ဝ ရပ်ကွက်၊ကွင်းအမှတ် ၄၇၃၊ ဒဂုံမြို့သစ်(အရှေ့)တွင် မြေဧက၂ဝ နီးပါးကို ဒေသခံ လယ်သမားများထံမှဝယ်ယူထားခဲ့သည်။ ထိုနေရာတွင် ဆက်ဆံရေးနှင့် စီးပွားရေးရုံးသာမက DKBA စစ်ဦးစီးချုပ် စောလားပွယ် (ခေါ်)ဗိုလ်နုတ်ခမ်းမွှေးနေထိုင်ရန် နေအိမ်၊ ဓမ္မာရုံ၊ DKBA နာရေးကူညီမှုအဖွဲ့များကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မြင့်စိုးက ပြောသည်။
“နိုင်ငံတော်နဲ့ပတ်သက်တဲ့ လက်နက်မှောင်ခိုမလုပ်ဘူး။ မူးယစ်ဆေးဝါးမလုပ်ဘူး။ ကျန်တဲ့စီးပွားရေးတွေကိုတော့ ကျွန်တော်တို့လည်း လုပ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေမှာ မိသားစုတွေရှိတယ်။ စီးပွားရေးမရှိရင် မရပ်တည်နိုင်ဘူး” ဟု ၎င်းကပြောသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ MPC အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကို ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လုပ်ရမှာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး၊ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ၊ အဲ့ဒါတွေ အောင်အောင်မြင်မြင်ဆောင်ရွက်ပြီးမှ တိုင်းရင်းသားလက်နက်ကိုင်တွေကို နေရာ ချထားပေးဖို့ စီစဉ်မှာဖြစ်ပါတယ်။ အဲ့ဒါတွေ ဆောင်ရွက်နိုင်ဖို့ ဘယ်လောက်အထိအချိန်ယူရဦးမယ်ဆိုတာတော့ ကျွန်တော်တို့လည်း မပြောနိုင်သေးပါဘူး” ဟု ဖြေကြားထားသည်။
No comments:
Post a Comment