မင်းဆက်ခိုင်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်နေရာတွင် တပ်မတော်သား တစ်ဦးကို ခန့်အပ်တော့မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်နေချိန်တွင် ယခင်နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ် အစားထိုး ခန့်အပ်လိုက်သည်။
ဇွန်လ ၂၀ရက် ရက်စွဲဖြင့် ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းတွင် ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ကြည်း ၃၃၁၃၄ ဗိုလ်မှူး ဥာဏ်လင်းမောင် နေရာတွင် အစားထိုး ခန့်အပ်လိုက်ကြောင်း ဖေါ်ပြထားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် နှုတ်ထွက်ပြီးနောက် ယာယီဝန်ကြီးချုပ်ဟု သတင်းများထွက်ပေါ်နေသလို သူ့အား ဝန်ကြီးချုပ် အဖြစ်ခန်အပ်သွားမည်ဟုလည်း ထင်ကြေးပေးမူများလည်း ပေါ်ပေါက်နေသည်။
ယင်းပြင် သူ့အား ရခိုင်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မည်ဟု ဖေ့စ်ဘုတ် လူမူကွန်ယက်စာမျက်နာများတွင်လည်း ဖေါ်ပြ နေကြသည်။
ယခုကဲ့သို့ တပ်မတော်မှ ဗိုလ်ချုပ် တစ်ဦးအား ရခိုင်ပြည်နယ် လွှတ်တော်တွင် အစားထိုး ခန့်အပ်ခြင်းသည် လစ်လပ်နေသော ရခိုင်ဝန်ကြီးချုပ်နေရာတွင် ခန့်အပ်ရန်အတွက် စီစဉ်မူ ဖြစ်နိုင်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က မှတ်ချပြုပြောဆိုသည်။
“သေချာသလောက်တော့ ဝန်ကြီးချုပ်နေရာကို အစားထိုးဖို့အတွက် ခန့်အပ်လိုက်တယ်လို့ ပြောလို့ ရပါတယ်” ဟု သူကပြောသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းမှာ တပ်မတော်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်နေသကဲ့သို့ ရခိုင် အမျိုးသားတစ်ဦးလည်း မဟုတ်သဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဆိုပါက ရခိုင်ပြည်သူများအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ဟု ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။
“ စောင့်ကြည့်ရမယ်လို့ပဲ ပြောရပါလိမ့်မယ်။ သူရဲ့(ဗိုလ်ချုပ် မောင်မောင်အုန်း) လုပ်ပုံကိုင်ပုံတွေက ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့ကလည်း ဂဃနဏ မသိတဲ့အခါကျတော့ ကောင်းတယ်ဆိုးတယ် ဆိုတာကို စောင့်ကြည့်ရမယ်လို့ပဲ သုံးသပ်ချင်ပါတယ် ” ဟု ဗိုလ်ချုပ် မောင်မောင်အုန်း ဝန်ကြီးချုပ် ဖြစ်လာမည့်အပေါ် သူ့အမြင်ကို ဦးအောင်မြကျော်က သုံးသပ်ပြောဆိုသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ဒုဝန်ကြီး အနေဖြင့် ရှိနေစဉ် ရခိုင်ပြည်နယ် အတွက် ဖွဲ့စည်းထားသော ပြည်ထောင်စု အဆင့် Emergency Coordination Center (ECC) ဒု ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများစွာကို တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၆) ဦးတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး များမကြာမှီက ပြောင်းရွှေ့ ခန့်အပ်ရာ ယင်းအထဲတွင် ဗိုလ်ချုပ် မောင်မောင်အုန်းလည်းပါဝင်သည်။

No comments:
Post a Comment