ခင်မြတ်မြတ်ဝေ
မြန်မာ အစိုးရနှင့် အန္ဒိယအစိုးရတို့ ပူးပေါင်းလုပ်ကိုင်မည့် ကုလားတန်မြစ်စီမံကိန်း ဆောင်ရွက်နေသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သော်လည်း ဒေသခံများကို ပွင့်လင်းမြင်သာမှုရှိစွာ ချမပြသေးသည့်အတွက် မြန်မာနိုင်ငံမှ Gender and Development Initiative အဖွဲ့နှင့် အန္ဒိယ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ သြဂုတ်လထဲတွင် တွေ့ဆုံ ဆွေးနွေးမည်ဟု တာဝန်ခံ အမှုဆောင် ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကို ပြောသည်။
"'အခုသူတို့ လမ်းဖောက်နေတာကို ကျွန်တော်တို့အဖွဲ့တွေ အနေနဲ့ မရပ်မနား ထိတွေ့ဆက်ဆံမှုလုပ်မယ်၊ သူတို့လုပ်နေတာတွေကို မျက်ခြေမပျက် စောင့်ကြည့်မယ်ဆိုတာကို ဆွေးနွေးပွဲမှာ အသိပေးသွားမယ်။ အနည်းဆုံးတော့ တစ်နေ့တစ်ခေါက်လောက်တော့ သွားကြည့်မယ်" ဟု ဆလိုင်းဆိုက်ဇက်ခင်က ပြောသည်။
ကုလားတန်မြစ် စီမံကိန်းသည် အဆင့်လေးဆင့်ဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး အဆင့် နှစ်ဆင့် လုံးဝပြီးပြတ်သွားပြီဖြစ်ကာ သုံးဆင့်မြောက် အဆင့်ကို လုပ်ကိုင်နေဆဲ ဖြစ်သော်လည်း ဒေသခံပြည်သူများကို စီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ချပြခြင်း၊ ဆွေးနွေးခြင်း မရှိဟု ၎င်းက ဆိုသည်။
"လုပ်တာ၃နှစ်လောက်ရှိပြီ ပလက်ဝမှာကားလမ်းဖောက်မယ်လို့တော့ကြားတယ်။ စီမံကိန်း လာလုပ်မှမေးရင် သိရတဲ့သူတို့ဘက်က ပလက်ဝနဲ့အန္ဒိယကို ကားလမ်းဖောက်မယ်လို့ပြောတယ်။ ဒေသခံတွေ အနေနဲ့ စီမံကိန်းပြီရင်တော့ အဆင်ပြေရင်တော့ကောင်းတာပေါ့။ အချို့စီမံကိန်းကြောင့် ဖယ်ရှားရတဲ့နေရာတွေတော့ရှိတယ်''ဟု ပလက်ဝ ဒေသခံ ကိုထွန်းခိုင်က မဇ္ဈိမကို ပြောသည်။
ကုလားတန်မြစ် စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် လုပ်ကိုင်နေပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ ဆိပ်ကမ်း ဆောက်လုပ်ခြင်း အပါအဝင်၊ စစ်တွေမြို့မှ ချင်းပြည်နယ် ပလက်ဝမြို့ အထိ မြစ်ကို သင်္ဘောကြီးများ သွားနိုင်သည့် မြစ်အဖြစ် သောင်တူးပြီး ဖြစ်သည်။ လက်ရှိတွင် အန္ဒိယနိုင်ငံ မီဇိုရမ်မြို့မှ ပလက်ဝမြို့အထိ လမ်းဖောက်ရန် အန္ဒိယ ဘက်အခြမ်းတွင် ဖောက်လုပ်နေပြီဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် ပလက်ဝမြို့တွင် ဆိပ်ကမ်းတစ်ခု ဆောက်လုပ်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် အန္ဒိယ နိုင်ငံအတွင်း ကုန်ကူးရန် ဖောက်လုပ်ခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံအတွင်း ကုန်စည် ပို့ဆောင်ရန် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပတ်ကာ လမ်းဖောက်လုပ်ပါက ပိုမို နီးစပ်သည့် အတွက် ဖောက်လုပ်ရခြင်း ဖြစ်သည်။
ကုလားတန်စီမံကိန်းကို ၂ဝဝ၈ခုနှစ်တွင် မြန်မာ- အိန္ဒိယနှစ်နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုး သဘောတူခဲ့သည်။ ယင်းစီးမံကိန်းကို ၂ဝဝ၉ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပြီး ၂ဝ၁၅ခုနှစ် ပြီးစီးရန် ရည်ရွယ်ထားသည်။
No comments:
Post a Comment