Tuesday, June 3, 2014

NLDနှင့် ရွေးကောက်ပွဲကော်မရှင် အပြန်အလှန်စွပ်စွဲ

Mizzima

ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောမှုများသည် အခြေခံဥပဒေ အညီသာ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဇွန် ၂ ရက်တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

မေလ ၁၈ရက်က မန္တလေးလူထုဟောပြောပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများသည် တပ်မတော်ကို စိန်ခေါ်သည့် အသုံးအနှုန်းများ ပါဝင်နေသည့်အတွက် အခြေခံဥပဒေဘောင်ကို ကျော်လွန်နေသည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာအပေါ် NLD က ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများကို ထည့်သွင်းရေးသားထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာပါအကြောင်းအရာများမှာလည်း မှားယွင်းနေသည်ဟု NLD၏ ကြေငြာချက်တွင် ဖေါ်ပြထားသေးသည်။

မန္တလေးမြို့လူထုနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်ုပ်တို့တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာတစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှု လို့လဲ ပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်” ဟု ပြောဆိုခဲ့မှုမှာ အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်နေသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတိပေးစာတွင် ရေးသားထားသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုမှာ “ကျွန်မတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်ရပါမယ်။ ရင်ဆိုင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်းက နေပြီး ကျွန်မတို့တွေ ပြင်ဆင်သွားမယ်” ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု NLD ၏ ကြေငြာချက်တွင် ရေးသားထားသည်။

No comments: