Wednesday, June 18, 2014

ဝန်ကြီးဦးအောင်မင်းနှင့် RCSS ဥက္ကဋ္ဌ ဦးယွက်ဆစ်တို့ ဇွန်လ ၁၈ သို့မဟုတ် ၁၉တွေ့မည်

ဖနိဒါ

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်မှုလုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ဇွန်လ ၁၈ ရက် သို့မဟုတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံမည်ဟု RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက မဇ္ဈိမကို ပြောသည်။

ထိုဆွေးနွေးပွဲသို့ RCSS/SSA ဘက်မှ ဥက္ကဋ္ဌ ယွပ်ဆစ်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးစိုင်းလှနှင့် ဗဟိုကော်မတီဝင်များ ပါဝင်တက်ရောက်မည် ဖြစ်ပြီး အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်မောင်စိုး၊ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC)မှ အကြီးတန်း အရာရှိများ ပါဝင်တက်ရောက်မည်ဟု သူက ဆိုသည်။

“ဒီနေ့မှ ပြန်အတည်ပြုပေးတာဖြစ်ပါတယ်။ မနက်ဖြန် ဖြစ်ဖြစ်၊ သန်ဘက်ခါ ဖြစ်ဖြစ် တွေ့မယ်၊ နှစ်ရက်လုံး တွေ့ရင်လည်း တွေ့မယ်။ ဒီနှစ်ရက်မှာ တစ်ရက်မဟုတ် တစ်ရက်တွေ့မယ်လို့ ပြောတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးကကျွန်တော်တို့ အချင်းချင်းကြားမှာ နားလည်မှုတွေ ပြန်လည် တည်ဆောက်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောထားတဲ့အတွက် UPWC က ဦးအောင်မင်းကလည်း ဒီကိစ္စကိုလက်ခံတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးအောင်မင်းနှင့် RCSS ဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် ပြီးခဲ့သည့် မေလ ၅ ရက်က RCSS/SSA ဆက်ဆံရေးရုံးကို ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုနှင့် RCSSအဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ဦးအိုက်ကျိမ်းကို အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့မှုတို့ကိုလည်း ပြန်လည်ဆွေးနွေးကြမည်ဟု သူက ပြောသည်။ ဦးအိုက်ကျိမ်းက ယခု ဇွန်လဆန်းပိုင်းက ပြန်လည် လွတ်မြောက် လာခဲ့သည်။

“သူ့ကို ပြစ်ဒဏ်ချတာ မရှိပေမယ့် ကျွန်တော်တို့ နှစ်ဦးနှစ်ဘက် နားလည်မှု ရှိနေပေမယ့် ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ယုံကြည်မှု အပိုင်းမှာ သံသယ ဖြစ်နေတာကို ပြည်သူတွေ သံသယ မရှိအောင် ယုံကြည်မှုရှိလာအောင် ထပ်ဆွေးနွေးမှာပါ”ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အမြန်ဆုံးချုပ်ဆို၍ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးသွားလိုကြောင်း ဦးစိုင်းလှက ပြောသည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို NCCT နဲ့ UPWC နဲ့ ညှိနှိုင်းတာ မပြီးနိုင်သေးဘူး။ သူတို့ လက်မှတ်ထိုးဖို့ အမြန်ဆုံး ချုပ်ဆိုနိုင်အောင်၊ KNU နဲ့ ကျွန်တော်တို့ ဆွေးနွေး ချက်တွေ ရှိသလို၊အစိုးရနဲ့ ကျွန်တော်တို့ ကြားမှာ မပြေလည်မှုတွေ၊ ယုံကြည်မှု ပြန်လည် တည်ဆောက်လိုတဲ့အတွက် တွေ့ဆုံတာပဲ ဖြစ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။

ဇွန်လ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုများ စတင်နိုင်ရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် RCSS/SSA ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

RCSS/SSA သည် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တွင် ပါဝင်ခြင်း မရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် UPWC တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တက်ရောက်ခဲ့သည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC နှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထားသည်။

No comments: