ကေဇူး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ မြောက်ပိုင်းဒေသတွင် ၁၉၉၁-၉၂ ခုနှစ်အတွင်း ကျောင်းသားများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့မှုအတွက် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များအား အဆိုပါအဖြစ်အပျက်ကို စုံစမ်းခဲ့သည့် ABSDF အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး ကော်မတီက မတ်လ ၁၅ ရက်တွင် တောင်းပန်လိုက်သည်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် House of Memory စားသောက်ဆိုင်တွင် မတ်လ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲနှင့် အဆိုပါသတ်ဖြတ်မှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာတွင် ပါရှိသည်။
ABSDF ၏ တာဝန်ခံ ညှိနှိုင်းရေးမှူး ဦးကိုကိုလင်းက "မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေမှာ နစ်နာသူတွေကို တောင်းပန်တဲ့ ယဉ်ကျေးမှုမျိုးမရှိဘူး။ ဒါကို ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဥပမာပေးပြီး ဖော်ထုတ်ချင်တယ်" ဟု ပြောသည်။
မြောက်ပိုင်းဒေသဖြစ်စဉ်များတွင် နစ်နာခဲ့သော ရဲဘော်များကို တပ်ဖွဲ့ဝင်အဆင့်အတန်းများ ပြန်လည် သတ်မှတ်ပေးရန်၊ ဖြစ်စဉ် ကာလအတွင်း တာဝန်ယူခဲ့သော မကဒတ (မပ- မြောက်ပိုင်း)မှ ဗဟိုကော်မတီနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် တရားဝင်တောင်းပန်ရန်၊ ယခုချိုးဖောက်မှုတွင် အဓိက တာဝန်ရှိသည့် မည်သူ့ကိုမဆို နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခြင်းမှ ရုပ်သိမ်းရန်တို့ကို အမှန်တရားနှင့် တရားမျှတမှု ပေါ်ပေါက်ရေး ကော်မတီက အကြံပြုထားသည်။
မြောက်ပိုင်းဖြစ်စဉ်များတွင် စွပ်စွဲခံခဲ့ရသူ ရဲဘော်ဟောင်း ကိုဘိုဘိုက"နစ်နာတဲ့သူတွေအတွက် အမှန်တရား ဆိုတာ သူတို့ အစိုးရရဲ့ သူလျှိုမဟုတ်ဘူးဆိုတဲ့ ဖော်ပြချက်ပဲဗျ။ ကျွန်တော်က အသက်ရှင်နေတဲ့အတွက် မဟုတ်ဘူးဆိုတာ ငြင်းနိုင်ပေမယ့် သေသွားတဲ့သူတွေထဲက ဘယ်သူဟာ မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြသင့်တယ်။ ဒါမှပဲ မျှတမှာ"ဟု မဇ္ဈိမကို ပြောသည်။
၁၉၉၁-၉၂ ဧပြီလအတွင်း မြောက်ပိုင်းတွင် ဥပဒေမဲ့ သတ်ဖြတ်မှု ၃၅ မှုရှိခဲ့သည် ဟု အစီရင်ခံစာက ဖော်ပြထားသည်။
၁၇ ဦးမှာ ကွပ်မျက်ခံရခြင်း၊ ၁၁ ဦးမှာ စစ်ကြောရေးကာလအတွင်း ညှင်းပန်းနှိပ်စက်ခံရ၍ သေဆုံးခြင်း၊ ရှစ်ဦးမှာ ထိန်းသိမ်းခံရစဉ် အသက်သေဆုံးခြင်းများး ဖြစ်ခဲ့သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။
No comments:
Post a Comment